အိုဘားမား ခရီးစဉ် အပေါ် RWU သဘောထားထုတ်ပြန်

အိုဘားမား ခရီးစဉ် အပေါ် RWU သဘောထားထုတ်ပြန်
by -
နိရဥ္စရာ

ယခုရက်ပိုင်းအတွင်း ရောက်ရှိလာမည့် အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ ကြိုဆိုကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တစုံတရာ အထောက်အကူ ပြုနိုင်လိမ့်မယ်ဟု မျော်လင့်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU မှ သဘောထားထုတ်ပြန်လိုက်သည်။

သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ချ်အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက နိရဥ္စရာသို့ ယခုလိုပြောဆိုသည်။

“သမ္မတအိုဘားမား မြန်မာခရီးစဉ်အပေါ် ကြိုဆိုပါတယ်။ သူ့ရဲ့မြန်မာခရီးစဉ်အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေး လမ်းစဉ်ကို အကောင်အထည် ဖေါ်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျော်လင့်တယ်။ ပြီးရင် တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးအတွက်ပါ အထောက်အကူပြုနိုင်လိမ့်မယ်လို့ RWU က ထုတ်ပြန်တဲ့ သဘောထားကို အိုဘားမားအပါ အဝင် ရခိုင်ပြည်သူလူထု တရပ်လုံးက သိစေချင်ပါတယ်။ ထိုနည်း လည်းကောင်း မြန်မာပြည်သူ တရပ်လုံုးကလည်း သိစေချင်ပါတယ်” ဟုပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ် အချို့တွင် စစ်မက်ဖြစ်ပွားမှုများ ရှိသလို် အချို့ဒေသများတွင် လူမျိုးရေး အဌိကရုဏ်း ပြဿနာများ ပေါ်ပေါက်နေသည့်အတွက် မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး ဆောင်ရွက်ရာ၌ မည်သည့်ဒေသကိုမျှ ချန်လှပ်မထားရန် အမေရိကန်သမ္မတက မြန်မာအစိုးရအား တွန်းအားပေးစေလိုကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တချိန်တည်းတွင် နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ မြန်မာပြည်သို့ ပြန်လာ၍ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိစေရန်နှင့် နိုင်ငံရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပေးရန် သမ္မတ အိုဘားမားမှ တွန်းအားပေးသင့်ကြောင်း စောမြရာဇာလင်းက ဆိုသည်။

“ပြည်ပမှာ အခြေစိုက်ပြီးတော့ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်နေ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ထဲမှာ လွတ်လွတ် လပ်လပ်နေထိုင်ခွင့် ရရှိရေးနဲ့ နိုင်ငံရေး လုပ်ငန်းများကိုလည်း ပြည်ထဲမှနေပြီး လုပ်ခွင့်ပေးဖို့ဟာတွေကို သမ္မတအိုဘားမားအနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းစေချင်ပါတယ်။ ထို့အတူ ပြည်ပနိုင်ငံတွေမှာ နှစ်တစ်ဆယ်၊ နှစ်ဆယ် နေထိုင်ခဲ့ကြတဲ့ လူတွေကို နိုင်ငံသားဖြစ်မှုကို အကန့်အသတ်မရှိဘဲနဲ့ သူတို့တွေကို လွတ်လွတ် လပ်လပ် နေထိုင်ခွင့်ပေးဖို့ကို ပြောပေးပါလို့ ပြောစေချင်တယ်။ နောက်တခုက ၂၀၀၈-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပါတဲ့ ပြင်စရာ ရှိတဲ့အချက်တွေ၊ အရေးကြီးတဲ့အချက်တွေကို ပြင်ဆင်ခွင့်ရ အောင် သမ္မတအိုဘားမားအနေနဲ့ တိုက်တွန်းပေးပါလို့ အကျွန့်အနေနဲ့တောင်းဆိုချင်ပါတယ်” ဟုဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း လူ့အခွင့်အရေး ရှုထောင့် တခုတည်းအပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့သည့် လူ့အခွင့်အရေးအဖွဲ့ အချို့ကို တွေ့ရကြောင်း ပြောဆိုလိုက်ပြီး အိုဘားမားအနေဖြင့် ရခိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုကြောင်း စောမြရာဇာလင်းက အခုလို ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေအပေါ်မှာ တချို့တချို့ လူ့အခွင့်အရေးအဖွဲ့တွေက ပကတိအခြေအနေ ကိုမသိဘဲ အပေါ်ယံလုပ်ဆောင် တာတွေကိုတွေ့ရတယ်။ ဒီအချက်အပေါ်မှာ အကျွန်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးအိုဘားမားကို ပြောချင်တာက ရခိုင်ပြည်နယ် ပကတိတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည် အေးချမ်းသာယာရေးအတွက် တကယ်ဆုံးဖြတ်ချက်ကို စဉ်းစားဆောင်ရွက်ပေးပါ၊ ပြီးရင် အိုဘားမား မြန်မာခရီး စဉ်အတွင်း ရခိုင်ခေါင်းဆောင်တွေနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တွေ့ဖို့အချိန်ပေးပါလို့ အကျွန်တို့အနေနဲ့ ထုတ်ဖေါ်ပြီး တော့ပြောရခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ချ်အခြေစိုက် အမေရိကန်သံရုံးသို့ Fax နှင့်ပေးပို့ခဲ့သလို သမ္မတအို ဘားမားထံသို့လည်း အမေရိကန်အခြေစိုက် အဖွဲ့အစည်းတခုကတဆင့် ပို့ပေးခဲ့သည်ဟု သိရသည်။

Most read this week