ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့ရှိ သမိုင်းဝင် အထင်ကရနယ်မြေဖြစ်သော ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင် နေရာ၌ ချယ်ရီမိုး ကျောက်မျက်သတ္တု အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ ကုမ္ပဏီလိမိတက်မှ သတ္တုတူးဖော်ရေးလုပ်ငန်း ပြုလုပ်ရန် စီမံကိန်းရှိသည်ဟု ကြားရသည့်အပေါ် ဒေသခံများက ကန့်ကွက်ကြကြောင်း သိရသည်။
ခူမီရယ်က ရှေးဘိုးဘွားတို့၏ အဆိုအမိန့်များအရ “ဒီတောင်သုံးလုံးရဲ့ အကြား ထဲမှာ ရှိတဲ့ သံရာဇာတ တွေပဲဖြစ်ဖြစ် ဒီတန်ဖိုးရှိတဲ့ပစ္စည်း တွေလည်းပါသွားကုန်မယ်။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီနှစ်ပေါင်း များစွာ ထိန်းသိမ်းလာခဲ့တဲ့ ဒီတောတောင်ကို သွားပြီးဖြိုလိုက်မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့တိုင်းပြည်ကလည်းပဲ ပြိုကွဲနိုင်တဲ့အတိုင်း အတာရှိတယ်ဘာဖြစ်လဲ ဆိုလို့ရှိရင် ဘိုးဘွားတို့က ပြောခဲ့တဲ့ဟာက လူတိုင်းဟာ . ကျနော်တို့ ကရင်နီပြည်မှာ နေထိုင်တဲ့ လူမျိုးတိုင်းသည် သေသွား လို့ရှိရင် သူတို့ရဲ့နိဗ္ဗာန်ပြည်ဟာ ဒီးမောဆို တောင်မှာပဲရှိတယ် ဆိုတဲ့ စကားပုံ လည်းရှိလာ ခဲ့တယ်” ဟု ကန္တာရဝတီတိုင်း(မ်) ကိုရှင်းပြသည်။
ယင်းလုပ်ငန်း အကောင်အထည် ဖော်ပါက ကုမ္ပဏီဘက်မှ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည် စဉ်းစားပေး မည်ဟု သိရကြောင်း ဒီးမော့ဆိုမြို့ စည်ပင်ရပ်ကွက်မှ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးစိန်ဝင်းက ပြောဆိုသည်။
သို့သော် “ကျနော်တို့ဖက်ကပြန်စဉ်းစားမယ်ဆိုလို့ရှိရင် တဖက်ကဒေသဖွံ့ဖြိုးပြီးမှ တဖက်ကခုနပြောသလိုမျိုး ပေါ့ ရိုးရာကို ထိခိုက်စေမယ် ရိုးရာကို လက်ရာခြေရာတွေကို ပျက်သုန်းစေမယ် ဆိုခဲ့ရင်တော့ အဲဒါ ကျနော်တို့ အနေနဲ့မဖြစ်သင့်ဘူးလို့ ယူဆတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အခုလိုမျိုးညီအစ်ကိုတွေကိုခေါ်ပြီးတော့မှ သူတို့ရဲ့ဆန္ဒတွေကို ခံယူခြင်းဖြစ်ပါတယ်” ဟု ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။
၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်မှ ရပ်မိရပ်ဖများ ကျေးရွာအသီးသီးရှိ ဒေသခံကိုယ်စားများက ဒီးမော့ဆိုတောင်ခြေ မော့ဒူကလားမေးခန်းမဆောင်မှာ ယမန်နေ့က တွေ့ဆုံညှိနှိုင်း ဆွေးနွေး ခဲ့ပြီး ကန့်ကွက်လွှာအား ပြည်နယ်အစိုးရထံ လက်မှတ်ရေးထိုး ပေးပို့မည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရက တစုံတရာ မသိသေးကြောင်း ကယားပြည်နယ် လူမှုရေးဝန်ကြီး ဦးကိုးရယ်က ယခုလိုပြောသည်။
“အခုလောလောဆယ် အစီအစဉ်ဘာမှမရှိသေးပါဘူး။ ကျနော်တို့ ဒီမှာ ကက်ဘိနက် (cabinet) ထိုင်ထားတာ လဲ ဘာမှမရှိပါဘူး။ စာဝင်တာလည်း မကြားပါဘူး ကျနော်တို့ ဆီမှာတော့ မရောက်လာသေးဘူး” ဟုပြော သည်။
သတ္တု တူးဖော်ရန် ယာထားသည့် နေရာသည် ဒေသခံတို့ အထွဋ်အမြတ်ထားရာ ယုံကြည်ကိုးကွယ်ရာ နေရာများ ဖြစ်သလို ရိုးရာများ ပျက်စီးသွားနိုင်သဖြင့် ရပ်မိရပ်ဖများနှင့် အစည်းဝေးတက်ရောက်သည့် ကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကျောင်းပိတ်ချိန်များ၌ ကျောင်းသားများ တနိုင်တပိုင် သဲတူးရောင်းကြပြီး ကျောင်းစားရိတ် ရှာဖွေကြသည့်အတွက် အကယ်၍ ကုမ္ပဏီများ ၀င်ရောက်လာပါက ဒေသခံများအလုပ်လက်မဲ့ ပိုများလာနိုင်သလို ၀မ်းစာရေးအတွက်လည်း အခက်အခဲ ဖြစ်နိုင်ကြောင်း ဦးစိန်ဝင်းက ပြောသည်။
အလားတူ “ကျနော်တို့ရဲ့ သဲတွင်းလေးကိုပဲတူးစားနေတာပေါ့ တခြားအလုပ်ကိုလည်း မလုပ်စားတတ်ဘူး ဒီတခုပဲလုပ်တယ်။ ဟင်းဖိုးပဲရှာတာပါ သူတို့ကလာပြီးဝင်ရောက်ပိတ်ပင်ရင်တော့ ကျနော်တို့ဘာသွား လုပ်စားတတ်မလဲ ဒီအလုပ်နဲ့ပဲ စားနေရတာဆိုတော့ ကျနော်တယောက်တည်း မဟုတ်ပါဘူး အားလုံးပါပဲ” ဟု သဲတောင်တွင် ဆယ်နှစ်ကျော် အကြာ သဲတူး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ဦးသေ့ရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။