စစ်တပ်က သိမ်းယူသွားသည့် လယ်နှင့် ပတ်သက်၍ မြေတိုင်းဌာနက စစ်ဆေး

စစ်တပ်က သိမ်းယူသွားသည့် လယ်နှင့် ပတ်သက်၍ မြေတိုင်းဌာနက စစ်ဆေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်းသွားသော လယ်မြေများနှင့် ပတ်သက်၍ မြို့နယ် ဦးစီးမှူးရုံးက ယနေ့ ကွင်းဆင်း  စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။

စစ်တပ်က ရိတ်သိမ်းပြီး စပါးများကို တပ်ရင််းသို့ ကားဖြင့် သယ်ယူနေစဉ် (ဓါတ်ပုံ- RSV)

ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၃၉ တပ်ရင်းမှ စစ်သားများသည် ယမန်နေ့ထိ ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါးခင်းများကို လာရောက် ရိတ်သိမ်းခဲ့သည်ဟု ဆိုသည်။

“စစ်တပ်က မနေ့ကလည်း လာရောက် ရိတ်သိမ်းပါတယ်။ ပီးရင် အဲဒီ လယ်မြေတွေဟာ စစ်တပ်ပိုင် ဆိုပြီးလည်း ဆိုင်းဘုတ် (၂) ခု ထောင်သွားပါတယ်။ တစ်ခုက ကားလမ်းရှေ့မှာ ဖြစ်ပြီး နောက်တစ်ခုက အုတ်တောင်ပြင်ရွာဘက် က ထောင်ပါတယ်။ တပ်နယ်မြေဆိုပြီး ရေးထားပါတယ်” ဟု ဒေသခံ ပြောသည်။

ပြိန်းချောင်းနှင့် အနီးတဝိုက်ကျေးရွာများမှ လယ်သမားများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော လယ်ဧက  ၆၀၀ ကို ခမရ ၅၃၉ မှ တပ်ရင်းပိုင် နယ်မြေ သတ်မှတ်ကာ သိမ်းယူသွားခဲ့ပြီး လက်ရှိ လုပ်ကိုင်နေသည့် လယ်ဧက ၁၂၀ ကိုလည်း စစ်တပ်ပိုင် လယ်မြေများ ဖြစ်သည်ဟု ဆိုကာ နို၀င်ဘာလ ၁၁ ရက်နေမှ စ၍ စပါးများ လာရောက် ရိတ်သိမ်းနေခြင်းဖြစ်သည်။

စစ်တပ် မိသားစုများက ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါး စိုက်ခင်းများကို တက်ရောက် ရိတ်သိမ်းနေစဉ် (ဓါတ်ပုံ- RSV)

လယ်သမား စိုက်ပျိုးထားသော စပါး စိုက် ဧက ၁၂၀ တွင် ယအခု စစ်တပ်က ဧက ၅၀ ခန့် ရိတ်သိမ်း ယူဆောင်သွား ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် မကျေနပ်သဖြင့် ဒေသခံ ရွာသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌများထံ တိုင်ကြားခဲ့ရာ နို၀င်ဘာလ (၁၅) ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက် စစ်ဆေးခြင်း ဖြစ်သည်။

Most read this week