KIA တပ်မှ မိုင်းဖြင့်တိုက်ခိုက်မှု အစိုးရတပ်က ၂၀ ကျော်ကျ

KIA တပ်မှ မိုင်းဖြင့်တိုက်ခိုက်မှု အစိုးရတပ်က ၂၀ ကျော်ကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ အတွင်းလှုပ်ရှားနေသည့် အစိုးရတပ်ခြေမြန်တပ်ရင်း ခမရ (၃၇၀) အား ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ကြောင်း သိရသည်။

MHH ခေါ် KIO အရပ်သားတပ်ဖွဲ့ တပ်ရင်း၊ ဖါးကန့်မြို့နယ်။

နို၀င်ဘာလ (၁၄) ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဒေါ့ဖုန်းယန်မြို့နယ် ရှမ်းရွာအနီး မိုင်းခုတ် (Mai Hkuk) ကျေးရွာအနီး ရောက်ရှိလာသည့် တပ်ဖွဲ့အား KIA တပ်ရင်း (၂၄) မှ မိုင်းဖြင့် ၄ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ အနည်းဆုံး ၁၅ ဦးထက် မနည်း သေဆုံးကြောင်း KIA ရှေ့တန်း တပ်ဖွဲ့ဝင် တဦးက ပြောဆိုသည်။

“အင်အား ၁၀၀ ကျော်တယ်။ ခမရ (၃၇၀) တပ်စခန်း အနီးရောက်လာချိန် မိုင်းနဲ့အနီးကပ် ပစ်လိုက်တယ်။ အဲဒီချိန်မှာတွေ့လိုက်တာ ဘယ်နှစ်ယောက်မြုပ်တာမမြုပ်တာတော့ ကျွန်တော်တို့သွားမကြည့်သေးဘူး။” ဟုဆိုသည်။

အလားတူ အောက်တိုဘာလ (၁၅) ရက်နေ့ကလည်း အဆိုပါ အစိုးရခြေမြန်တပ် တပ်ရင်း ခမရ (၃၇၀) တပ်ဖွဲ့က ဒေါ့ဖုန်းယန်မြို့နယ် မုန်မူ (Mung Mu) နှင့် တာဆိုင်း (Da Seng) ကျေးရွာမှ ဗန်းမော်ဘက်သို့ ဆင်းလာချိန် KIO တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၂၄) က မိုင်းဖြင့် ၃ ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဒီအဖွဲ့ကိုစောင့်နေတာ ဘယ်လို ဝင်သွားလိုက်တာ မတွေ့လိုက်ဘူး။ အပြန်ကျမှ ကျွန်တော်တို့နဲ့ ထိပ်တိုက်ပြန်တွေ့ပြီး ခုခံ ပစ်ခတ်ခဲ့တာ။” ဟုဆိုသည်။

သို့သော် ယင်းတိုက်ခိုက်မှုများနှင့် ထိခိုက်ကျဆုံးမှုများအား သီးခြားအတည်ပြုချက် မရရှိသေးပါ။

ရင်ဆိုင်တိုက်ပွဲများသည် နိုဝင်ဘာ ၁၃ ရက် နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ် တာဆိုင်း (Da Seng) နှင့် နောင်ဖာ (Nawng Hpa) ကြား အင်အား ၁၅၀ ကျော်သည့် မြန်မာအစိုးရတပ်နှင့် တပ်မဟာ (၅)အောက် တပ်ရင်း (၂၄) တို့သည် ၂၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုတွင် အစိုးရတပ်မှ သေဆုံးဒဏ်ရာရရှိမှုမသိရှိသော်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့  KIA မှ တဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား-ကန်ပိုင်တီလမ်း ဆဒုံးရေတံခွန်အနီး တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေ တိန်ရော့ (Ting Raw Kawng) တွင် အင်အား ၁၀၀ ကျော်ရှိသည့် အစိုးရတပ် ခမရ (၄၁၅) တပ်နှင့် KIA တပ်မား ၂၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင်  အစိုးရတပ်မှ ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း ရှေ့တန်းမှ အရာရှိတဦးပြောသည်။ အစိုးရတပ်ဖက်မှသေဆုံးမှု များနိုင်သော်လည်း သေဆုံးထိခိုက်ဒဏ်ရာရမှုစာရင်း အတိအကျ မသိရပေ။

ထိုအစိုးရတပ်သည် ကချင်ပြည်နယ် တရုတ်နယ်စပ် ကန်ပိုင်တီ၊ ပန်ဝါဘက်သို့ စစ်အင်အားတိုးချဲ့ရန် ဆဒုံးတွင် ရေတံခွန် တံတားပြုလုပ်ရာတွင် လမ်းလုံခြံုရေးယူနေသော အစိုးရတပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။  

ယခုချိန် ကချင်ပြည်နယ်ဖက်သို့ အစိုးရတပ်များသည် အင်အားအလုံးရင်းဖြင့် နေ့စဉ် စစ်အင်အားတိုးချဲ့ လာသောကြောင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများသည် ပိုမိုတင်းမာလာနိုင်သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများလည်းသုံးသပ်နေကြသည်။

Most read this week