ဥပဒေမဲ့ ရိုက်နှက်ခံရသည့် ရခိုင်လူငယ်၂ ဦးကိစ္စ ပြည်ထဲရေး ၀န်ကြီးဌာန စစ်ဆေး

ဥပဒေမဲ့ ရိုက်နှက်ခံရသည့် ရခိုင်လူငယ်၂ ဦးကိစ္စ ပြည်ထဲရေး ၀န်ကြီးဌာန စစ်ဆေး
by -
နိရဥ္စရာ

ရန်ကုန်တိုင်း တာမွေရဲစခန်း တာဝန်ရှိသူများက ရခိုင်လူငယ်၂ ဦးအား ဥပဒေမဲ့ ရိုက်နှက် ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်လူငယ်၂ ဦးဖြစ်သူ ကိုအောင်နိုင်နှင့် ကိုနေအောင်ထွန်းတို့အား ပြီးခဲ့သည့် နိုဝင်္ဘာလ ၁၀ ရက်နေ့က ရိုက်နက်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့မှ သက်ဆိုင်သူများအား နို၀င်္ဘာလ ၁၄ ရက်နေ့က ခေါ်ယူစစ်ဆေး ခဲ့ကြောင်း ကိုအောင်နိုင်က ပြောသည်။

“ပြည်ထဲရေးဝန်ကြီးဌာနက ကိုယ်တိုင် အဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးတာပါ။ ကျနော်တို့ ၂ ယောက်ရယ်၊ လဖက် ရည်ဆိုင်ပိုင်ရှင်၊ ပြီးတော့ ကျနော်တို့ကို ထိုးကြိတ်တဲ့ ဒု-ရဲအုပ် ဦးကျော်ဇော်ဝင်း အပါအဝင် တခြား ရဲတပ်သား တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။”

၎င်းတို့နှစ်ယောက် ရိုက်နှက်ခံရသည့် ကိစ္စ အင်တာနက် စာမျက်နှာများတွင် ပါရှိလာသည့်အတွက် အခုလို စစ်ဆေးရခြင်း ဖြစ်ကြောင်းနှင့် ပြဿနာ စတင် ဖြစ်ပွားခဲ့သည့် အနေအထားအားလုံးကို မေးမြန်း စုံစမ်းခဲ့ပြီး ဆေးစစ်ချက်များကိုလည်း ယူသွားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အဲဒီအဖွဲ့ ရဲအရာရှိတွေက ညီလေးတို့ ဘာမှ ချန်ထား စရာ အားနာစရာမလိုဘူး။ အမှန်ကိုအမှန်အတိုင်းပြော သူတို့အနေနဲ့လည်း အမှန်တရားအတွက် အရေးယူ ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။” ဟု ကိုအောင်နိုင်က ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရဲမှူးဦးဘထွန်း၊ ဒု-ရဲအုပ် ဦးစိုးနောင်နှင့် ဒု-ရဲအုပ် ဦးသန်းထွန်းတို့ဖြစ်ပြီး ၎င်းတို့ အား ပြည်ထဲရေး ၀န်ကြီးဌာနမှ စုံစမ်း စစ်ဆေးရန် တာဝန် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဆေးမူ မစတင်မှီ နို၀င်္ဘာလ ၁၂ ရက်နေ့က ရခိုင်လူငယ် ၂ ဦးအား ပြည်ထဲရေး ၀န်ကြီးဌာနမှ တာမွေ ရဲစခန်းသို့ ဖုန်းဆက် ခေါ်ယူပြီး တာမွေမြို့နယ်မှူး ဦးကျော်ကျော်အောင်၊ စခန်းမှူးဦးအောင်ကျော်၊ ဒု-ရဲအုပ် ဦးကျော်ဇော်ဝင်းတို့မှ တောင်းပန်ခဲ့သည်ဟု ကိုအောင်နိုင်က ဆက်ပြောသည်။

“အခုလို ကျနော်တို့ကို တောင်းပန်တယ်ဆိုတော့ ကျနော်တို့ကလည်း လူသားချင်း စာနာတဲ့ အနေနဲ့ ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ဒါကို တရားဝင် လူသိရှင်ကြား လုပ်ပေးရမယ်လို့ ပြောတော့ သူတို့လက်ခံပါ တယ်။ ကျနော်တို့နဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေး အဖွဲ့က အဖွဲ့ဝင်၂ ဦး ပါလာပါတယ်။ သူတို့ရှေ့မှာလည်း တောင်းပန်ပါတယ်။” ဟု ဆိုသည်။

ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသည့် အပေါ်  ကိုအောင်နိုင်က “အစိုးရ တာဝန် ရှိသူတွေ အနေနဲ့ ကျနော်တို့ ရိုက်နက်ခံရတဲ့ သတင်း မီဒီယာမှာ တက်လာတော့ သူတို့အတွက် အရှက်ရစရာ တခုဖြစ်သွား တယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ အခုလို ဥပဒေနဲ့ အညီ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံရဲ့  ပြုပြင် ပြောင်းလဲ ရေးကာလမှာ မရှိမဖြစ် လိုအပ်တဲ့ ကိစ္စလည်း ဖြစ်တယ်လို့ မြင်ပါတယ်။ ရှင်းရှင်း ပြောရရင် အခုလို ပြုပြင် ပြောင်းလဲမှုတွေလုပ်တဲ့ ကာလမှာ မတရားမူတွေကို အရေးယူဖို့ လုပ်ဆောင်တဲ့ အတွက် ကျနော်တို့ တကယ့်ကို အားကိုးမိပါတယ်” ဟု ပြောဆိုသည်။

Most read this week