သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ ဉာဏိဿရ (D.litt,PH.D) သီတဂူဆရာတော်ကြီး၏ လမ်းညွန်မှုဖြင့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့၌ လှူဒါန်း ဆောက်လုပ်ထားသော သီတဂူစက္ခုဒါန မျက်စိအထူးကုဆေးရုံကို ယနေ့ နံ နက် ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဖွင့်ပွဲအခမ်းအနားသို့ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မူစယ် ၊ နမ့်ခမ်း ၊ ကွတ်ခိုင်နှင့် သိန်းန္ဒီနယ် တစ်ဝိုက်မှ ဒေသခံ ၂,၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သူ နမ့်ခမ်း မြို့မိမြို့ဖတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဇေယျသုခကျောင်းထိုင်ဆရာတော် မွေးနေ့ရယ် ဘုံကထိန်ရယ် ဆေးရုံဖွင့်ပွဲရယ် ပေါင်းပြီးကျင်းပတာပေါ့နော်။ ဆေးရုံဖွင့်ပွဲ က ဒီမနက် ၈ နာ ရီခွဲမှာလုပ်တယ်။ ၁၀ နာရီမှာ အဆောက်အဦသစ် ပဋက်ချတယ် နေ့လည် ၁ နာရီမှာ ၅ သိန်း အထက် လှူတဲ့သူတွေကို ဂုဏ်ပြုမှတ်တမ်းလွာပေးမယ် ” ဟု သူက ပြောသည် ။
အဆိုပါ ဆေးရုံ ဖြစ်မြောက်ရေးအတွက် နမ့်ခမ်းမြို့နယ်အတွင်းရှိ သံဃာတော်များ ၊ မြို့မိမြို့ဖများနှင့် ပြည်သူများ စုပေါင်း လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်အတွင်းရှိ ဇေယျသုခဘုန်းတော်ကြီးပညာသင်ကျောင်း၌ လွန်ခဲ့သည့် နှစ်နှစ် ခန့်က စတင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
“သီတဂူ ဆရာတော်က မတည်ပေးတာပေါ့နော်။ ပြီးတော့မှ မြို့နယ်ကနေပြီးတည်ဆောက်ရေး ကော်မတီတွေဖွဲ့ ပြီး ဆောက် လုပ်တာပေါ့။ အားလုံးစုပေါင်းပါ၀င်လှူဒါန်းတာပေါ့နော်။ ဆောက်မဲ့အစီအစဉ်က ကြာပြီ။ ဟိုနေရာရွေ့ ဒီနေရာရွေ့နဲ့ မ ဆောက်ဖြစ်ဘူး။ နောက်ဆုံးမှ ဇေယျသုခ ကျောင်းမှာ အတည်ဖြစ်သွားတာ ” ဟု သူက ဆိုသည်။
၄င်းဆေးရုံဖွင့်ပွဲမတိုင်မီ ယခုလ ၁၁ ရက်နေ့မှ စ၍ ဒေသတွင်းရှိ မျက်စိဝေဒနာသည်များအား အခမဲ့ စမ်းသပ်ခွဲစိပ် ကုသ ပေးခဲ့ရာ ယနေ့အထိ လူနာ ၁,၀၀၀ ကျော်ကို စမ်းသပ်ပေးခဲ့ပြီး ၁၀၀ ကျော်ကို ခွဲစိပ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည် ။
“တစ်ခါတည်းလူနာတွေကို အခမဲ့စမ်းသပ်ပေးတယ်။ ထမင်းကျွေးတယ်။ လိုအပ်လို့ရှိရင်ခွဲစိပ်ပေးတယ် ။ သီတဂူဆရာတော်ရဲ့ စစ်ကိုင်းမှာရှိတဲ့ မျက်စိအထူးကုအဖွဲ့ပေါ့နော်။ နိုင်ငံခြားဆရာဝန်ကြီးတွေပါတယ် ။ အထူးကုဆရာဝန်ကြီးတွေ အငြိမ်းစားယူ သွားတဲ့ ဆရာဝန်ကြီး တွေပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုအခါ သီတဂူဆရာတော်ကိုယ်တိုင် နမ့်ခမ်းမြို့၌ ရောက်ရှိသီတင်းသုံးနေကာ သီတဂူဓမ္မပွဲသဘင်ကျင်းပ လျှက်ရှိပြီး လာမည့် ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင်လည်း တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွေလီမြို့များ၌ ဆရာတော်မှ မြန်မာများအား တရားဟောကြားမည် ဖြစ်ကြောင်း သိရသည်။