အစိုးရတပ်က တောင်သူ စပါးများ လုယူနေ

အစိုးရတပ်က တောင်သူ စပါးများ လုယူနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အခြေစိုက် အစိုးရ တပ်ရင်းတခုက ရခိုင်တောင်သူ လယ််သမားများ စိုက်ပျိုးထားသည့် ဆန်စပါးများကို အင်အားသုံး၍ လုယူနေကြောင်း ဒေသခံများက ပြောသည်။

“တပ်ရင်း ၅၃၉ က တပ်သား ၂၀ ခန့်နဲ့  ပြောက်ကျားစခန်းကို ၀င်သိမ်းသလိုမျိုး လက်နက်တွေကို ကျည်ထိုးပြီး ကျွန်တော်တို့ ထွန်ယက်စိုက်ပျိုးထားတဲ့ လယ်တွေကို တက်လာပါတယ်။ တစ်ကနေ တဆယ်ထိ ရေတွက်မယ်။ အဲဒီ အချိန်အတွင်းမှာ လယ်တွေက မထွက်ဘူးဆိုရင် မင်းတို့ကို ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတဲ့ အတွက် ကျွန်တော်တို့ လယ်တွေကို စွန့်ခွာ ထွက်ပြေးကြရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ လယ်တွေက စပါးတွေကို စစ်တပ်က တက်ပြီး ရိတ်သိမ်းပါတယ်” ဟု အမည်မဖေါ်လိုသူ ပြိန်းချောင်း ဒေသခံ လယ်သမား တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနေ ဦးမောင်ရွေလှ အပါအဝင် လယ်သမား ၂၈ ဦး ထွန်ယက် စိုက်ပျိုးထားသော လယ်ဧက ၁၂၀ ကို ကျောက်တော် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၃၉ ပိုင် လယ်မြေများ ဖြစ်သည်ဟု ဆိုကာ လယ်တဲများရှိ လယ်သမားများကို နှင်ထုတ်၍ မှည့်နေသည့်  ဆန်စပါးများကို ရိတ်သိမ်းနေခြင်း ဖြစ်သည်။

“ဒီနေ့လည်း ရိတ်သိမ်းနေပါတယ်။ နိုဝင်္ဘာလ ၁၁ ရက်နေ့ကနေ စပြီး ရိတ်နေတာပါ။ တပ်ရင်း ၅၃၉ က ဗိုလ်ဗညားဝင် ဦးဆောင်ပြီး လက်နက်ကိုင် စစ်သား ၂၀ ခန့််ပါတယ်။ သူတို့က လုံခြံုရေးယူထားပြီး  တပ််သား ၂၀၊ ရဲမေ ၃၀ (စုစုပေါင်း)  လူအင်အား ၅၀ နဲ့ စပါးတွေကို ရိတ်ယူနေပါတယ်။ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုတဲ့ တပ်မတော်က ခုလို လုပ်တဲ့ အပေါ်မှာ ကျွန်တော်တို့ လုံးဝ နားမလည်အောင် ဖြစ်နေပါတယ်″ ဟု အဆိုပါ လယ်သမားက ပြောဆိုသည်။

၎င်းပြင် အနီးအနားရှိ လယ်တဲများမှ လယ်သမားများကိုလည်း နှင်ထုတ်ကာ ရိတ်သိမ်း စုပုံထားသော စပါး ကောက်လိူင်းများအား သိမ်းယူနေပြီး ထော်လာဂျီများဖြင့် တပ်ရင်းသို့ ပို့ဆောင်နေသည်ဟုလည်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးစောငြိမ်းအား ဆက်သွယ် မေးမြန်းကြည့်ရာ ယင်းကိစ္စ မှန်ကန်ကြောင်း အခုလိုု ပြောဆိုသည်။

“အဲဒီ လယ်တွေက တပ်မတော်နဲ့ ဘာမှ မဆိုင်ပါ။ အဲဒီမှာ တပ်ရင်း ၅၃၉ တည်ဆောက်မယ် ဆိုတဲ့ အတွက် စစ်တပ်က လယ်သမားတွေပိုင် ဧက ၆၀၀ ကို လယ်သမားတွေဆီက သိမ်းယူသွားခဲ့ပါပြီ။ အဲသလို အသိမ်းခံရတဲ့ နောက်ပိုင်းမှာ လုပ်ကိုင် စားသောက်စရာ လယ်တွေ မရှိတော့တဲ့ အတွက် အနီးအနားက တောတောင် ချိုင့်ဝှမ်းတွေကို ခုတ်ထွင်ပြီး လယ်သမားတွေ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လုပ်ကိုင် စားသောက်ကြပါ ဆိုပြီး ခွင့်ပြုပေးတဲ့ အတွက် လယ်သမားတွေက ထွန်ယက်စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ အခု စပါးမှည့်လာတော့ စစ်တပ်က လာပြီး သူတို့ပိုင် မြေတွေ ဖြစ်တယ်ဆိုပြီး စပါးတွေကို တက်ရောက် ရိတ်သိမ်းတာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ပြောဆိုသည်။

လယ်သမားများ အနေဖြင့် စပါးစိုက်ပျိုးရာတွင် လူအား၊ ငွေအား အရင်းအနှီး စိုက်ထုတ် အသုံးပြုထားရပြီး စပါးမှည့်ချိန်ရောက်မှ စစ်တပ်က အတင်း ၀င်ရောက် ရိတ်သိမ်းသဖြင့် ပို၍ထိခိုက် နစ်နာရကြောင်း ၎င်းက ဆက်ပြောသည်။

Most read this week