ကချင်ဒုက္ခသည်စခန်းရှိ အဆုပ်နှင့် AIDS ဝေဒနာရှင်များ ဆေးဝါးလိုအပ်နေ

ကချင်ဒုက္ခသည်စခန်းရှိ အဆုပ်နှင့် AIDS ဝေဒနာရှင်များ ဆေးဝါးလိုအပ်နေ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ တရုတ်နယ်စပ် မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် အဆုပ်တီဗီရောဂါနှင့် HIV/AIDS ဝေဒနာခံစားသူ ဒုက္ခသည် အယောက် (၃၀) ကျော်ရှိရာ ပုံမှန်ဆေးများစားသုံးရန်ပြတ်လပ်မှုကြောင့် အခက်အခဲရင်ဆိုင်နေရကြောင်းသိရသည်။

Hpunglum Yang ဒုက္ခသည်စခန်း၊ လိုင်ဇာ။

“အစတော့ ကျွန်တော်တို့က နယ်စည်းမခြားဆရာဝန်များအဖွဲ့အစည်း (AZG) အဖွဲ့နဲ့ ညှိပြီး အဆုပ်တီဗီနဲ့ HIV/AIDS ရောဂါတွေစစ်ပြီး ဆေးတွေစားနေတယ်။ နဂိုကတည်းကလည်း AZG ကနေ ဆေးတွေ စားနေတဲ့သူတွေက မြစ်ကြီးနား၊ ဝိုင်းမော်ဒေသကလည်းပါတယ်။ AZG ကလည်း လတိုင်းလာမယ်လို့ ညှိထားတယ်။ ဒါပေမယ့် အခုနောက်ပိုင်း မလာတာ ၄၊ ၅ လ ရှိသွားပြီ။” ဟု ဒုက္ခသည် ကျန်းမာရေးအကူညီပေးနေသူ ဆရာယော်ထုံ KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် အဆုပ်တီဗီရောဂါသည် ၂၂ ဦးရှိပြီး HIV/ AIDS ဝေဒနာခံစားရသူ ၁၃ ဦးရှိကြောင်းသိရ သည်။ AZG အဖွဲ့မှ ၎င်းဒုက္ခသည်စခန်းသို့ ၄ ကြိမ် တိုင်တိုင် ဆေးဝါးများထောက်ပ့ံပေးခဲ့ပြီး နောက်ဆုံးလာရောက်စစ် ဆေးချိန်၌ ကိုယ်ဝန်ဆောင်မိခင် ၄ ဦးတွင် AIDS ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းစခန်းအတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် ပုံမှန်ဆေးစားသုံးနိုင်ရန် ကချင်ပြည်လွတ်လပ်ရးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဆေးပေးခန်းသို့ သွားယူရမည် ဖြစ်သော်လည်း မသွားနိုင်သည့်အတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက AIDS ဝေဒနာသည် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီမှာရှိတဲ့ ကျန်းမားရေးဆေးပေးခန်းမှာလည်း အဓိကကျန်းမာရေးနဲ့ဆိုင်ပြီး ဒုက္ခရောက်နေတာ ၂ ခု ရှိတယ်။ HIV/AIDS သည်တွေနဲ့ အဆုပ်ရောဂါသည်တွေ အဆုပ်ရောဂါသည်အများစုက အိမ်တွေကဆက်နေတော့ကူး စက်မှုရှိလာမှာ စိုးရိမ်နေတယ်။” ဟု ဆရာယောထုံက ဆိုသည်။

အဆိုပါ ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းရှိ ကျန်းမာရေးဆေးခန်းမှ လိုင်ဇာ (Laiza) ရှိ အဆုပ်တီဗီနှင့် HIV/AIDS ရောဂါဆေးပေးခန်းသို့ ဆေးများပြန်လည် စားသုံးနိုင်ရန် ဆက်သွယ်သော်လည်း အခက်အခဲအမျိုးမျိုး ရှိနေသောကြောင့် မလာရောက်နိုင် ဖြစ်နေကြောင်းသိရသည်။

မုန်ဂါဇွမ် ဇိုင်းအောင် (Mungga Zup Zai Awng) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၂၃၀၀ ကျော်နေထိုင်ပြီး ယခုချိန်တွင် အရေပြားရောဂါ၊ နှာစေး၊ ချောင်းဆိုးမှုများနှင့် အဆုပ်တီဗီနှင့် HIV/ AIDS ရောဂါများ ခံစားနေရကာ ဆေးဝါးများလိုအပ်နေကြောင်းနှင့် ထိုစခန်းအား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်များမှ အဓိက ကူညီနေကြောင်း သိရသည်။

Most read this week