တိုင်းရင်းသားများရပိုင်ခွင့် နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အချက်ကိုအခြေခံသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအား လုပ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲခွင့်ပေးနိုင်သည်ဟု လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောသော်လည်း ဖက်ဒရယ်မူစစ်စစ်ဖြစ်သည့် ဖွဲ့စည်းပုံဖြစ်ပေါ်လာရန် လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်း ကျားဖြူခေါ်သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ပြည်နယ်လွှတ်တော်အမတ်က ထောက်ပြသည်။
“ကျနော်တို့ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုနဲ့ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တို့တောင်းဆိုတဲ့ အဆိုတွေကနေပြီးတော့မှ နည်းဥပဒေတွေဆက်ဆွဲဖို့ သူတို့ နှစ်ယောက်ကို သူရဦးရွှေမန်းက တာဝန်ပေး လိုက်တာ။ ဒါကလည်း လွှတ်တော်ထဲမှာ ကြေငြာပြီး ပေးတဲ့တာဝန် မဟုတ်တဲ့အတွက် ကျနော်တို့တောင် နောက်မှသိရတာပါ” ဟု လဲချားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းမောင်တင်က သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။
ပထမအကြိမ် စတုတ္ထပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျားဖြူ ပါတီမှ နန်းဝါနုတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၆၄ ဃ )တိုင်းဒေသနှင့် ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၏ လုပ်ပိုင်ခွင့်ကို နည်းဥပဒေအဖြစ် ပြဌာန်းပေးဖို့အဆိုနှင့် ကြံခိုင်ရေး ပါတီမှ ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဌာန်းပေးရန် အဆိုကို ဖက်ဒရယ်စနစ် နှင့် တူသောတန်းတူညီမျှမှုရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ရသေးသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါအချက်အလက်နှင့် ဇယား ၂ ကို အခြေခံ၍နည်း ဥပဒေရေးဆွဲနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည် နယ်များ၏ လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်များပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရရွှေမန်းက လမ်းညွှန်မှုပြုပေးခဲ့ သည်ဟု နန်းဝါနုက ပြောသည်။
ထိုစဉ်က ၎င်းတို့နှစ်ဦး၏ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များက ထောက်ခံမှုပြု ခဲ့သည်။
ရှိပြီးသား ဥပဒေကို ထပ်ဖြည့်နိုင်ဖို့ မူကြမ်းရေးဆွဲတင်ပြရန်သာဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွဲရန်မဟုတ်ကြောင်း၊ အဆိုပါ ဖြည့်ထားသည့် နည်းဥပဒေကို အတည်ပြုနိုင်ရန် လွှတ်တော်အတွင်းတင်ပြ၍ ထောက်ခံမဲ ယူရဦးမည်ဖြစ်ကြောင်း စိုင်းမောင်တင်က ပြောသည်။
“ဒါပေမယ့် ဒီလိုနည်းဥပဒေကိုကျတော့ လွှတ်တော် ၂ ရပ်လုံးရဲ့ တဝက်ကျော်ကျော်လေးက ထောက်ခံရင် အသိအမှတ် ပြုနိုင်ပြီ။ ဖွဲ့စည်းပုံ ဥပဒေပြင်ဖို့ကျတော့ သမ္မတက ပြင်ခိုင်းတယ်ဆိုမှ လွယ်မယ်လေ။ ကျနော်တို့ကဘဲ ပြင်ချင်တယ်ဆိုရင် တော့ ရ၅ ရာခိုင်နှုန်း ကျော်ထောက်ခံမှလေ မလွယ်ဘူးလေနော်။ သို့ပေမယ့် တကယ့်ကို ဖက်ဒရယ်စစ်စစ်လိုချင်ရင်တော့ အစိုး ရရော သူ့ရဲ့စစ်တပ်ရော တိုင်းရင်းသားတွေအပေါ်ထားရှိတဲ့မာနကိုလျှော့ချမှ ခွဲခြားဆက်ဆံမှုကိုဖယ်ရှားပစ်နိုင်မှ ရမှာဖြစ်တယ်”
၎င်းကိစ္စနှင့်ပတ်သက်၍ နန်းဝါနုက - လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်သေးပေမယ့် ယခုကဲ့သို့ အခွင့်အရေး ရလိုက်သည်မှာ ဖက်ဒရယ်မူစစ်စစ် မရသေးသော်လည်း အခြေခံအုဋ်မြစ်တခု ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။