လူ ၁၀ ဦး သေဆုံးသော ဦးတန်ဂွန်းနေအိမ် ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ဆုတောင်း

လူ ၁၀ ဦး သေဆုံးသော ဦးတန်ဂွန်းနေအိမ် ဗုံးပေါက်ကွဲမှု တစ်နှစ်ပြည့် ဆုတောင်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ သီတာရပ်ကွက်နေ ဦးတန်ဂွန်း (Salang Tang Gun) နေအိမ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့သည့်အဖြစ်အပျက် ယနေ့ တနှစ်ပြည့်ခဲ့ပြီး မိသားစုဝင်များက သတိရအောက်မေ့ ဆုတောင်းခဲ့သည်။

myitkyina-blast

အမှတ်မထင်ဗုံးပေါက်ကွဲမှုကြောင့် ဦးတန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး၊ မိဘမဲ့ကလေး လေးယောက်နှင့် စစ်ပြေး ဒုက္ခသည် သုံးယောက်တို့ သေဆုံးခဲ့ရပြီး ထိုနေအိမ်ရှိ မိဘမဲ့ကလေးများနှင့် လူ (၃၁)ဦး ဒုက္ခ ရောက်ခဲ့ကြသည်။

ပေါက်ကွဲမှုကြောင့် တရားခံအဖြစ်ဖမ်းဆီးထားသော အိမ်ရှင် ဦးတန်ဂွန်းကို အမှုစစ်ဆေးနေဆဲဖြစ်သော်လည်း ရားရုံးမှ ထိုအမှုအား တနှစ်ကြာသည်ထိ စစ်ဆေး မပြီးနိုင်သေးကြောင်း မိသားစုဝင်တစ်ယောက်ကပြောသည်။

“အခုချိန်ထိတရားလိုဘက်က စစ်ဆေးမေးမြန်းမှုမပြီးသေးဘူး။ ရုံးချိန်းကတစ်ပတ် တစ်ကြိမ်သွားရတယ်။ တရားလိုဘက်ကလူမလာတာနဲ့ ဒီလိုဘဲ ရုံးချိန်းနေတာ တစ်နှစ်ကြာနေပြီ။ ကျွန်တော်တို့ကတောင် သတိရအောက်မေ့ ဆုတောင်းပွဲလုပ်နေကြပြီ။” ဟုပြောသည်။

ကျန်ရစ်သောမိသားစုများက မိမိနေအိမ်သို့ပြန်လည်ဆောက်လုပ်နေထိုင်ခွင့် တောင်းထားသော်လည်း အဆင့်အဆင့် ပိတ်ပင်မှုများကြံုနေရပြီး ယခုချိန်ထိနေထိုင်ခွင့် မရသေးကြောင်းသိရသည်။

“မြို့နယ်၊ ပြည်နယ်အုပ်ချုပ်ရေးတွေကတော့ ခွင့်ပြုချက်ပေးထားတယ်။ ဒါပေမဲ့ဆောက်လုပ်ဖို့ကို ပုံစံ (၁၀၅) တောင်းလိုက်၊ (၁၀၆) တောင်းလိုက်၊ ဟိုဟာတောင်း ဒီဟာတောင်းနဲ့ ဘာမှမလုပ်ရသေးဘူး။ နေထိုင်ခွင့်မရသေးဘူး။” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

လောလောဆယ်တွင် အိမ်ထောင်ဦးစီး ဦးတန်ဂွန်းနှင့် တခြား ၅ ဦး ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး မိဘမဲ့ကလေးများက ဘုရားကျောင်းဝင်းတွင် ယာယီ ခိုလှုံနေကြောင်း သိရသည်။ သို့သော် ၎င်း၏ မိသားစုများမှာ အိမ်ခြံရှိသော်လည်း နေစရာမရှိသည့် အခက်ခဲနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ တဦးက ပြောဆိုသည်။ 

“ကျန်ရစ်တဲ့မိသားစုတွေက လောလောဆယ်သူတို့နေစရာအိမ်မရှိဘူး။ အစားအသောက်လည်း အခက်အခဲရှိနေ တယ်။ အိမ်ထောင်ဦးစီးတွေက အားလုံး အချုပ်ခန်းထဲရောက်နေတော့၊ ကျောင်းတက်နေတဲ့ကလေးတွေဆို ကျောင်းအသုံးအဆောင်ပစ္စည်းတွေကအစ အမျိုးမျိုးလိုအပ်တဲ့အခက်အခဲရှိနေတယ်။” ဟုု အသင်းတော်မှ လူကြီးတစ်ဦးကပြောသည်။

ပြင်းထန်စွာပေါက်ကွဲခဲ့သော အဆိုပါဦးတန်ဂွန်း၏နေအိမ်သည် ‘ထွယ်ဂင်တောင်မိဘမဲ့ စံရိပ်မြံုတီးဝိုင်းအဖွဲ့’ ဂေဟာဖြစ်ပြီး ဦးတန်ဂွန်းသည် ရပ်ကွက်အရံ မီးသတ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် ဦးတန်ဂွန်း ခရီးလွန်နေပြီး ၄င်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်ပတ်သက် နေသူဖြစ်ကြောင်းနှင့် ထိုအိမ်တွင် KIA ဗုံးများပြုလုပ်နေပြီး သင်တန်းပြုလုပ်နေချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အစိုးရသတင်းစာများက ဖော်ပြခဲ့သည်။

ဦးတန်ဂွန်းနှင့် ၅ ဦး အား ဖမ်းဆီးခဲ့ပြီးနောက် အစိုးရအာဏာပိုင်များက နှိပ်စက်ရိုက်နှက်စစ်ဆေးမှုအမျိုးမျိုး ပြုလုပ်ခဲ့သောကြောင့် အချိန်ကြာမရပ်နိုင်ပဲ ကျန်းမာရေးထိခိုက်နေကြောင်း ဆွေမျိုးများကပြောသည်။

Most read this week