SSPP ပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ

SSPP ပါတီအား မြန်မာအစိုးရ တပ်ရင်း ၆ ရင်းဖြင့် တိုက်ခိုက်နေဆဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ ခေါ် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့အား ယခုလဆန်းပိုင်းအတွင်း မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းသုံး၍ ၄ ကြိမ်ထက် မနည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပစ်ရပ်ရေးဆွေးနွေးပြီးနောက် တိုက်ပွဲပေါင်း ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း SSPP က ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး
“အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွါးပြီးပြီ။ ဒါကျနော်တို့ရဲ့ တပ်စခန်းတခုကို မြန်မာအစိုးရစစ်တပ်က တပ်ရင်း ၆ ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဘဲ။ အဲဒီဒေသထဲက ရှိရင်းစွဲတပ်ရင်း ၄ ရင်းအပြင် ပြည်မက တပ်ရင်း ၂ ရင်းကိုပါ ထပ်ခေါ်ပြီးတိုက်ခိုက်နေတာလေ။ ကျနော်တို့ SSPP/SSA ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စားပွဲပေါ်မှာ အေးအေးဆေးဆေး ဆွေးနွေးတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ စတင်တိုက်ခိုက်တာလုံးဝ မရှိပါဘူး။ ကျနော် လုံးဝ အာမခံ ပြောနိုင်ပါတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၆၁၂ စခန်းရှိရာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ၌ မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဘက် သေကြေဒဏ်ရာရ မှုရှိသည်ဟုလည်း ဆိုသည်။

“၃၁ ရက်မှာတကြိမ်၊ ၂ ရက်မှာတကြိမ်၊ ၄ ရက်မှာတကြိမ်၊ ၉ ရက်နေ့မှာတကြိမ်။ သေကြေကျဆုံးတာကတော့ ဗမာ့ တပ် မတော် ဘက်ကပေါ့ဗျာ။ ဗိုလ်မှူးတယောက်အပါအဝင် စုစုပေါင်း ရ ယောက်ကျတယ်။ သျှမ်းပြည်တပ်မတော် ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှု အနည်းအကျဉ်းရှိတယ်။ ကျဆုံးတာတော့မရှိဘူး။ ကျနော်တို့က ခံစစ်လေ။ ကျနော်တို့ရဲ့နယ်မြေဘဲလေ ” ဟု ဗိုလ်မှူးကြီးစိုင်းထူးက ပြောသည်။

SSPP/SSA ၏ မိုင်းငေါ့မြို့နယ်ခွဲရှိ တပ်မဟာ ၆၁၂ တပ်စခန်းအား တိုက်ခိုက်နေသည့် အစိုးရတပ်များမှာ ကျောက်မဲ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခြေလျင်တပ်ရင်း ခလရ ၂၃ အပြင် အောင်လံမှ ခလရ ရ၁၊ မန္တလေးမှ ခလရ ၉၅ တို့ ဖြစ်သည်ဟု သိရသည်။

ဗိုလ်မှူးကြီးစိုင်းထူးက - “ကျနော်တို့ဟာ သူတို့ပြောသလို သောင်းကျန်းသူ - မဟုတ်ပါဘူး။ ကျနော်တို့ကအစိုးရတပ် ကို အရင်  စပစ် တာမရှိဘူး။ ကျနော်တို့ တိုက်ခိုက်မှုဆိုတာကိုအထူးရှောင်ကြဉ်ပါတယ်။ ဗမာတပ်မတော် က စပစ်လာရင်တော့ ခုခံရပါတယ်” ဟု ဖြေရှင်းပြောဆိုသွားသည်။

အောက်တိုဘာလလယ်ကလည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ တပ်သား ၄၀ ကျော်အား သောင်းကျန်းသူများ ဟုဆိုကာ  မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးခဲ့သေးသည်။

Most read this week