ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ရ ဦးကျ

ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ရ ဦးကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲနှင့် ပူတာအို သွားသည့်လမ်း ကြောင်းပေါ်ရှိ နေရာ (၂) ခုတွင် ကချင်ပြည်လွတ် လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရတပ်ဘက်မှ ရ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း ရှေ့တန်းမှ KIA အရာရှိများက ပြောသည်။

နို၀င်ဘာလ ၁၁ ရက်နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး မြစ်ကြီးနားမှ ပူတာအိုသို့ ချီတက်လာသည့် စစ်ကား ၃၆ စီးပါ အစိုးရတပ်ဖွဲ့အား တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) အကြားတွင် KIA တပ်မဟာ (၁) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သဖြင့် အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ ကြောင်း ရှေ့တန်းမှ KIA အရာရှိ တစ်ဦးက ပြောသည်။

အလားတူ ဖားကန့် ကျောက်စိမ်းမှော်သွား ကားလမ်းပေါ်ရှိ ကားမိုင်းမြို့အနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင်လည်း အစိုးရဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာ ရသူ အချို့ရှိကြောင်း KIA ဖက်ကပြောဆိုသည်။

သို့သော် ယင်းတိုက်ခိုက်မှုများအပါအဝင် အစိုးရတပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

လွန်ခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာပြည် အောက်ပိုင်းမှ ထောင်နှင့် ချီသည့် အစိုးရတပ်ဖွဲ့ဝင်များ ရထား (၃) စီးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိလာကြောင်း သိရသည်။ ယင်းတပ်ဖွဲ့ဝင်များအား ကချင်ပြည်နယ် အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက် ဒေသများသို့ ဖြန့်ခွဲပို့ဆောင်ခဲ့သည်ဟုလည်း KIA က ဆိုသည်။

အလားတူ ပြီးခဲ့သည့်တစ်ပတ်အတွင်းကလည်း KIO ဗဟိုဌာနချုပ် လိုင်ဇာနှင့် ၁၀ မိုင်ခန့် ကွာဝေးသည့် အစိုးရ တပ်စခန်းများသို့ အင်အား ၁,၀၀၀ ခန့် ရောက်ရှိလာကြောင်း ဌာနချုပ် လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။

အစိုးရနှင့် KIO နှစ်ဖက်ကိုယ်စားလှယ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီ ဆွေးနွေးပွဲတွင် တစုံတရာ သဘောတူညီမှု မရခဲ့သလို အစိုးရဖက်က အင်အားဖြည့်တင်းမှုများ ပို၍ လုပ်ဆောင်လာပြီး ဒေသတွင်း တိုက်ပွဲများ ကြိုကြား ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week