ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်း နိုဝင်ဘာ လဆန်းပိုင်းမှ ယမန်နေ့အထိ တိုက်ပွဲပေါင်း (၄၀) ထက်မနဲ ဖြစ်ပွားခဲ့သည်ဟု KIA စစ်ရုံးချုပ်မှ အရာရှိ တဦး ကပြောဆိုသည်။
“အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲပြင်းထန်ပြီးတော့ လိုင်ဇာ စစ်ဌာနချုပ် ဒေသ တပ်မဟာ (၅) ဧရိယာမှာလည်း အဖြစ်များ ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက် (၁၁) နာရီမှာတော့ တိုက်ပွဲ နဲခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ်ကြားမှာ KIA တပ်မဟာ (၁)၊ တပ်ရင်း အမှတ် (၁၀၁) တပ်ရင်း တွေနဲ့ တိုက်ပွဲတွေ အဖြစ်များ လာခဲ့တယ်” ဟု ဆိုပါသည်။
ထို့အပြင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှ ဘူတာအိုမြို့သွားသည့် ကားလမ်း တလျှောက် အစိုးရ တပ်ဖွဲ့ဝင်များ တိုးချဲ့ချထား လာကြောင်းနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၇) ရက်နေ့က စပြီး တပ်မ (၃၃) လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား (၁၀၀၀) ခန့် ထပ်မံ တိုးချဲ့ချထားကြောင်း သိရသည်။
အလားတူ KIA တပ်မဟာ (၅) နှင့် တပ်မဟာ (၃) ဒေသများတွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေသလို ဌာနချုပ် လိုင်ဇာဒေသတဝိုက်အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း KIA တပ်ဖွဲ့က ပြောသည်။ ထို့အပြင် အစိုးရ၏ လှုပ်ရှား စစ်ကြောင်းများအား တပ်မဟာ (၅) ဂွင်ထဲသို့ ထပ်မံ ပို့ဆောင်နေကြောင်း သိရသည်။
သို့သော် ကေအိုင်အေ တပ်မဟာ (၂) ဒေသဖြစ်သော ဖါးကန့်ဒေသတွင်မူ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း အစိုးရတပ်က အင်အား ဖြည့်ဆည်းနေကြောင်း ဒေသခံ တဦးက ပြောသည်။
“ဒီ ဖါးကန့် ဘက်မှာတော့ ပြီးခဲ့တဲ့ (၅) ရက်နေ့က အစိုးရ တပ်ဖွဲ့တချို့ ဆုတ်ခွာ သွားခဲ့တယ် ဆိုတော့ အေးချမ်းသွားပြီ ထင်နေတာ၊ ဒါပေမဲ့ မနေ့ကနဲ့ ဒီနေ့ ကျတော့ ကားအစီး (၁၀) စီး ထက်မနဲ ထပ်မံ တိုးချဲ့လာတယ် ဆိုတော့ အခြေအနေက ပြန် ဆိုးလာနိုင်တယ်” ဟု မျက်မြင်မြို့ခံ တစ်ဦးက ပြောသည်။
အင်အား (၃၀၀) ခန့် တိုးချဲ့လာခြင်းဖြစ်ပြီး ဖါးကန့်မြို့အနီးရှိ နဂါးညီနောင်၊ လုံခင်း စသည့်ကျေးရွာများအနီး ရောက်ရှိနေပြီး ယနေ့ နံနက်ပိုင်းက ဒေသခံ လူထုအား ကြမ်းတမ်းစွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံက ပြောဆိုသည်။
၁၉၉၄ ခုနှစ်မှစတင်၍ အစိုးရနှင့် (၁၇) နှစ်ကြာအပစ်အခတ်ရပ်စဲခဲ့သည့် KIO သည် ရွှေလီရေအားလျှပ်စစ် စက်ရုံ စီမံကိန်း အကြောင်းပြချက်ဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ (၁၀) ကြိမ်ထက်မနည်း တရားဝင် တွေ့ဆုံပြီးသော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပါ။