သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် တစီးမှ ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ သံဃာတော် ရ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြောသည်။
“ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။ မြို့လယ်ကန်မိန်းကျောင်းတိုက်က သံဃာတော်တွေ ဆွမ်းခံကြွပြီး အပြန် ရပ်ကွက် ၁၂ က အောင်ညီညီထွန်းဆိုတဲ့သူက သုံးဘီးကားနဲ့ ဆွမ်းခံသံဃာတန်းကို ဝင်တိုက်တာ။ သံဃာ ရ ပါး ဆေးရုံတင်ရတယ်။ ၃ ပါး က ဒဏ်ရာပြင်းထန်တယ်။ သံဃာတော်တွေ ဒီနေ့ထိ ဆေးရုံက မဆင်းရသေးဘူး။ ယာဉ်မောင်းကိုလည်း ဒီနေ့အထိ အရေး မယူသေးဘူး” - ဟု လားရှိုးမြို့ခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
ဆွမ်းခံ သံဃာတော် ၁၅ ပါးမှ ဆွမ်းခံအပြီး ကျောင်းသို့ပြန်ချိန် လားရှိုးအထက ၃ ကျောင်းရှေ့ အရောက်တွင် အမှတ် ၂ ရဲစခန်းပိုင်သုံးဘီးယာဉ်အမှတ် ဟ/ ရ၂၅၂ ကဝင်တိုက် ခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်း အောင်ညီညီထွန်း အသက် ၁၉ နှစ်မှာ ရပ်ကွက် ၁၂ နေ ရဲဘော်ဟောင်း ဦးစိန်လွင်၏ သားဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းအား ယနေ့တိုင် အရေးယူခြင်း မရှိသေးကြောင်း ကန်မိန်းကျောင်းတိုက်၏ ဒါယိကာတဦးကပြောသည်။
“ရဲစခန်းပိုင် သုံးဘီးယာဉ်လေ။ မောင်းတဲ့ကောင်က မနက်စောစောစီးစီး အရက်က မူးနေပြီ။ လူကိုတိုက်လို့ လျော် ကြေးမပေးရင်တောင်မှ ဘာမှမပြောဘူး။ သံဃာတော်ကိုတိုက်မိပြီးတော့ လျော်ကြေး မပြောနဲ့ ဆေးကုသခလေး တောင် မကူညီဘူးဗျာ။ တိုက်မိ ပြီးတာနဲ့ မောင်းပြေးတာ။ အဲဒီနားကလူတွေက သူ့ကိုလိုက်ဖမ်းမှ ရဲစခန်းအသိုင်း အဝိုင်းကမှန်းသိတာ။ သက်သေရှိတာ တောင်မှ အာဏာပိုင်တွေက ဒီပြဿနာကို မဖြေရှင်းပေးဘူး။ သံဃာ တော်ဆိုတာ ဘုရားရဲ့သားတော်တွေဘဲ။” ဟု အဆိုပါ ဒါယိကာကပြောသည်။
ယခု ဖြစ်ပွားမှုနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ ဒု-သမ္မတ နေထိုင်သည့် မြို့တွင် ယခုကဲ့သို့ ပြဿနာ ဖြစ်ပွားမှုကို အာဏာပိုင်များက လျစ်လျူရှုထားသည်မှာ မဖြစ်သင့်ကြောင်းနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များအပေါ် အလေးမထားသည့် အဆိုပါယာဉ်မောင်း မိသားစုအပေါ်မြို့ခံများက မကျေမနပ်ဖြစ်နေကြောင်း လားရှိုးမြို့ခံ နန်းနု ကပြောသည်။