ဘင်္ဂလား မြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်

ဘင်္ဂလား မြန်မာ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နိုင်ငံ ဒက္ကားမြို့တွင် နိုဝင်္ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။

စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်း မင်းဂံ( ဓါတ်ပုံ – နိရဥ္စရာ)

မြို့တော် ဒက္ကားရှိ ပူရ်ဘာနီဟိုတယ် Joint Trade Commission(JTC) တွင် ပြုလုပ်သည့် အစည်းအဝေး၌ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးကို မြင့်တင်ရန် လိုလားကြောင်း ကုန်သွယ်ရေး ဒုဝန်ကြီး ဦးပွင့်စန်းက ပြောကြားသည်ဟု ဘင်္ဂလာဒေချ့် သတင်းစာများက ဖေါ်ပြသည်။

ထို့အပြင် နယ်စပ် စီးပွားရေးကို မြှင့်တင်ရန် လက်ကား အရောင်းအဝယ် စျေးတစ်ခုကို တည်ထောင် သွားမည် ဖြစ်ပြီး နယ်စပ်တွင် ကုန်စည် ပြပွဲ တစ်ခုကိုလည်း ပြုလုပ်သွားမည်ဟု ဒုဝန်ကြီးက ပြောဆိုကြောင်း သိရသည်။

အစည်းအဝေးတွင် ကုန်သွယ်ရေး ဒုဝန်ကြီး ဦးပွင့်စန်းက အဖွဲ့ဝင် ၁၁ ဦးပါ  မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်မှ ကုန်သွယ်ရေး အတွင်းရေးမှူး Mahbub Ahmed ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။ ယခု ဆဌမအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး နိုဝင်္ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးပွင့်စန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမူူရေး မတည်ငြိမ်မူများကြောင့် ကုန်သွယ်ရေး တိုုးမြှင့်ရန် ကံမကောင်းစွာဘဲ နှောင့်နှေးကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း၊ အခြေအနေ တည်ငြိမ် သွားပါက ကုန်သွယ်ရေးကို မြှင့့်တင်နိုင်ရန် သေချာကြောင်း ပြောဆိုသည်ဟု သိရသည်။

လက်ရှိမြန်မာ နိုင်ငံ အနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ များနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့် လုပ်နေသလို ဘင်္ဂလားဒေ့ချ်နှင့်လည်း တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

နှစ်ဘက်ဆွေးနွေးပွဲတွင် သဘာဝ ဓါတ်ငွေ့ကိစ္စ၊ စွမ်းအင်ကိစ္စ၊ စိုက်ပျိုးရေးကိစ္စနှင့် ငါးဖမ်းလုပ်ငန်း ကိစ္စရပ်များကို လည်း ဆွေးနွေးကြကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်က နှစ်နိုင်ငံ နယ်စပ် အကြား ပေးပို့သော ကုန်စည် ပမာဏကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိမြှင့်တင် နိုင်ခဲ့ကြောင်း အဆိုပါ သတင်း၌ ဖော်ပြထားသည်။

၂၀၁၁နှစ် ၂၀၁၂ ခုအတွင်း ဘင်္ဂလားဒေ့ချ်မှ  မြန်မာဘက်သို့ ကုန်ပစ္စည်း ပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၅ သန်း တန်ဖိုး တင်ပို့နိုင်ပြီး မြန်မာက ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၁၀ သန်း အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

Most read this week