မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် မင်းကိုနိုင်ခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မွန်ဓမ္မာရုံ၌လူထုတွေ့ဆုံပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ သံဖြူဇရပ်မြို့နယ်ကျေးရွာအသီးသီးရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်များနှင့် တက်ရောက် သူလူထုပရိသတ် စုစုပေါင်း ၅၀ဝ ခန့်ရှိသည်ဟု တက်ရောက်နားထောင်ခဲ့သူ မွန်ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ခံ နိုင်ချမ်းအေးက ပြောသည်။
နိုင်ချမ်းအေးက “သူတို့ အဓိကပြောကြားခဲ့တာက ဒီမိုကရေစီအကူအပြောင်းကာလမှာ ပြည်သူတစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးပါတယ်၊ လက်ရှိအစိုးရ လက်ထက်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့အချက်အလက်တွေ တိုးတက်လာပေမယ့် အရင်စစ်အစိုးရလက်ထက်က ကြွင်းကျန်ခဲ့တဲ့ အမွေဆိုးတွေကို လက်ရှိပြည်သူတွေလက်ရှိခံစားနေရဆဲပဲဆိုတာကိုလည်း သူတို့နားလည်သိရှိနေရတဲ့ အကြောင်းတွေပေါ့” ဟု ပြောသည်။
ယင်းလူထုတွေ့ဆုံပွဲတွင် သံဖြူဇရပ်မြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဉာဏ်ဟိန်၊ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့ခေါင်းဆောင် မင်းဇေယျ၊ မင်းကိုနိုင်တို့မှ မိန့်ခွန်းပြောကြားခဲ့သည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာပိုင်တွေ သိမ်းဆည်းခဲ့တဲ့ ဥယာဉ်ခြံမြေကိစ္စ၊ အချို့ကျေးရွာတွေမှာ ရွာအကြီးအကဲ တွေက စားကျက်မြေကို အိမ်ခြံမြေအဖြစ်ရောင်းချတဲ့ကိစ္စတွေကို လူထု ၃ ဦးက ၈၈ မျိုးဆက်ကျောင်းသားတွေကို တင်ပြခဲ့တယ်” ဟု နိုင်ချမ်းအေးက ဆက်ပြောသည်။
ထိုနောက် နံနက် ၁၁ နာရီခန့်တွင် ၁၆ ဦးပါ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ကျိုက်ခမီမြို့သို့သွားရောက်ပြီး ရေးမြို့သို့ ခရီးဆက်လက်ထွက်ခွာမည်ဟု သိရသည်။
အလားတူ ယမန်နေ့ ညနေပိုင်းက မုဒုံမြို့ ဗိုလ်ချုပ်လမ်း၊ အောင်ဓမ္မရိပ်သာရှိ ဓမ္မာရုံတွင် ဒီမိုကရေစီလိုလားသူများ၊ မုဒုံမြို့နယ် တက်ကြွလူငယ်များ၊ ရပ်မိရပ်ဖမြို့ခံလူထု (၄၀ဝ) ဝန်းကျင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ယမန်နေ့၊ နေ့လည်ပိုင်းက ကျိုက်မရောမြို့၊ ဇေတဝန်ဘုန်းတော်ကြီးကျောင်းတိုက်၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ဒေသခံများအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး မိန့်ခွန်းဟောပြောခဲ့ကြောင်း သံလွင်တိုင်းမ်း အင်တာနက်စာမျက်နှာတွင် သတင်းတိုအဖြစ် ဖေါ်ပြထားသည်။
အထက်ပါ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ မွန်ပြည်နယ်ခရီးစဉ်သည် နိုဝင်ဘာ ၉ ရက်နေ့မှစတင်ခဲ့ရာ တစ်ရက်တည်းတွင်ပင် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင် နှင့် မော်လမြိုင်မြို့များသို့ရောက်ရှိခဲ့ကြသည်။
အထက်ပါခရီးစဉ်များတွင် ဒီမိုကရေစီ အကူးအပြောင်းကာလ၌ အနာဂတ်မြန်မာနိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့်အတူ အရပ်ဖက်လူ့အဖွဲ့အစည်းများလည်း မရှိမဖြစ်လိုအပ်သကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုသည်လည်း အလွန်ပင်အရေးကြီးကြောင်း၊ လူထုများအကြားတွင်ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးအား အလေးထားဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။