ကလေး ၃ ယောက်မိခင်တစ်ဦးအား တပ်မ (၈၈) က အဓမ္မပြုကျင့်

ကလေး ၃ ယောက်မိခင်တစ်ဦးအား တပ်မ (၈၈) က အဓမ္မပြုကျင့်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မြန်မာအစိုးရ တပ်မ ၈၈ တပ်ဖွဲ့ဝင်တစ်ဦးက ခဆန် (Hka San) ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။

တပ်မ (၈၈) ဟုသာ သိရပြီး မည်သည့် တပ်ရင်းဟု အတိအကျမသိရကြောင်းနှင့် အင်အား ၅၀ ခန့်ရှိ အစိုးရတပ်ဖွဲ့က ကားမိုင်း နှင့် မိုးကောင်းကြားရှိ ခဆန် (Hka San) ကျေးရွာသို့ အောက်တိုဘာလ ၃၀ ရက်နေ့က ၀င်ရောက်လာချိန် ထိုအမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

ထို့အပြင် ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့များသည် ဒေသခံ အမျို်းသားများသာမက အမျိုးသမီး များကိုပါ စစ်ဆေးမြေးမြန်းနေပြီး နှိပ်စက်မှုများ ပြုလုပ်လျက်ရှိသလို ၎င်းတို့ နှစ်သက်ရာပစ္စည်းများ ကိုလည်း ယူဆောင်သွားကြကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်နေမှုများကြောင့် ခဆန်ကျေးရွာနှင့် အနီးတဝိုက်ရှိ ဒေသခံလူထုများ အနေဖြင့် တောင်ယာစိုက်ခင်း များ ဆီ မသွားရဲတော့ကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် သီတင်းကျွတ် ကျောင်းဖွင့်ချိန် ပြန်ရောက်လာသော်လည်း ခဆန်ကျေးရွာ အပါအဝင် ဒေသတွင်းကျေးရွာများရှိ စာသင် ကျောင်းများ ပြန်မဖွင့်ရဲကြကြောင်း သိရသည်။

ဒေသတွင်း လက်ရှိ ဖြစ်ပွားနေသည့် အနေအထားများကြောင့် ဒေသခံများအနေဖြင့် မိမိတို့ ကျေးရွာများမှ ထွက်ခွာ၍ နီးစပ်ရာ ကျေးရွာများ ဖြစ်သည့် နားဟိုင် ခေါ် နမ်ရှဲန် (Nam Sheng) ရွာသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ထိုကျေးရွာရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း ကားမိုင်းဒေသခံတစ်ဦးက ပြောသည်။

နားဟိုင်ရွာသို့ အိမ်ခြေ ၅၇ အိမ်မှ လူဦးရေ ၃၀၀ ကျော် ထွက်ပြေးရောက်ရှိလာကြောင်း သိရပြီး ၎င်းတို့အား ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေရာထိုင်ခင်းများ စီစဉ်ပေးနေကြောင်း သိရသည်။

ဒေသခံများ၏ လက်ရှိ အခက်ခဲများအား ကူညီဖြေရှင်းပေးနိုင်ရန် UN ကူညီရေးအဖွဲ့များထံ အကူအညီ တောင်းထားကြောင်း သိရသည်။

Most read this week