ဘုရားသုံးဆူမြို့ ဖောက်ထွင်းမှု ကျပ်သိန်း ၉၀ ကျော်ရှိ

ဘုရားသုံးဆူမြို့ ဖောက်ထွင်းမှု ကျပ်သိန်း ၉၀ ကျော်ရှိ
by -
ကေအိုင်စီ

ထိုင်းမြန်မာနယ်စပ်မြို့ တခုဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ရက်သတ္တ နှစ်ပတ်အတွင်း ကျပ်ငွေ သိန်း (၉၀) ကျော်တန်ဖိုးရှိ ရွှေငွေ ပစ္စည်းများ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့တွင် အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ဖောက်ထွင်းမှု ၁၀ မှုအနက် အခြေအနေဆိုးဝါးသည့် ဖောက်ထွင်းမှု ၅ မှုတွင် ယင်းပမာဏအထိ ရှိနိုင်ကြောင်း ဘုရားသုံးဆူရှိ အစိုးရ အာဏာပိုင်များ ကောက်ခံရရှိထားသည့် စာရင်းအရ သိရသည်။

အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “ခိုးမှု ငါးခုကိုပဲ ကောက်ထားတာတောင်မှ ပါသွားတဲ့ ပစ္စည်းတန်ဖိုးက သိန်းကိုး ဆယ် နဲ့ ခြောက်သောင်း ရှစ်ထောင်ငါးရာကျပ်ပါ။ ခိုးမှုက ဘယ်လောက်ဆိုးလဲဆိုရင် အိပ်နေတဲ့ အိမ်ရှင်ရဲ့လည်ပင်း မှာ ဆွဲထား တဲ့ ရွှေဆွဲကြိုးတောင် ဖြတ်ယူတာ။ နောက် လုံခြံုရေးတွေ ချထားတဲ့ကြားက ခိုးမှုတွေဖြစ်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ ဖောက်ထွင်းခိုးယူမှု အများဆုံး ဖြစ်ပွားရာ အမှတ်(၃)ရပ်ကွက်တွင် ခိုးမှုနှင့်ပတ်သက်၍ မသင်္ကာသူ အချို့ကို ရဲအာဏာပိုင်များက ဖမ်းဆီးစစ်ဆေး ခဲ့သော်လည်း တရားစီရင်ရေး မရှိသည့်အကြောင်း ပြချက်ဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြို့ခံများက ဆိုသည်။

ယင်းရပ်ကွက်နေ ဖောက်ထွင်းခံရသည့် မြို့ခံတစ်ဦးက “ခိုးမှုတွေဖြစ်တာ မှောင်တဲ့အချိန်ဆိုတော့ ဘယ်သူ့လက်ချက် လို့ ပြောရတာခက်တယ်။ ကျနော်တို့ကတော့ ဒီလိုခိုးမှုတွေကို အမြန်ဆုံး ပပျောက်သွားစေချင်တယ်။ အခုတချို့ အသက်ကြီး ၀ါကြီး အမျိုးသမီးတွေလည်း မအိပ်ရဲကြဘူး” ဟု ပြောသည်။

ထို့အပြင် ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိရာ သက်ဆိုင်ရာ အာဏာပိုင်များထံ သွားရောက်တိုင်ကြား သော်လည်း အခြေအနေ ထူးခြားမလာသည့်အပေါ် မြို့ခံများက စိတ်ပျက်နေကြသည်ဟုလည်း ဆိုသည်။

ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုးယူမှု အပါအဝင် လူသတ်မှု၊ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Most read this week