တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ

တောင်ကုတ်မြို့နယ် NLD ကျေးရွာရုံး တိုက်ခိုက်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျေးရွာ ရုံးတစ်ရုံး တိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

တိုက်ခိုက်ခံရသည့် တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး
“ဒီနေ့ နိုဝင်္ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက ကိုအောင်သိန်းရွေက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ်စည်းအဖွဲ့ဝင် ကိုမင်းအောင်က နိရဥ္စရာသို့ ပြောသည်။

အဖွဲ့ချုပ်၏အလံကို မီးရှို့ဖျက်ဆီးသည့် အမှုနှင့် ပတ်သက်ပြီး မြို့နယ်ရဲမှူးကို တိုင်တန်း ထားသည်ဟု ကိုမင်းအောင် က ဆက်ပြောသည်။

“ကျွန်တော်တို့ မနေ့က ညနေ ၅ နာရီလောက်မှာ မြို့နယ်ရဲမှူးကို အကြောင်းကြားထားပါတယ်။ မြို့နယ် ရဲစခန်း မှာလဲ မအားလပ်ကြဘူး။ ဒီနေ့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ဒုရဲမှူးကြီး ရောက်မယ်ဆိုတဲ့ အတွက် စောင့်ဆိုင်း ကြိုဆိုနေကြတာ ည ၆ နာရီအချိန်ထိတော့ မရောက်သေးဘူး။ ဒါပေမယ့် မြို့နယ်ရဲမှူးကတော့ လမူး ရဲစခန်းမှူးဆီကို အရေးယူဖို့ အကြောင်းကြားထားပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ဖြစ်ပျက််ပုံနှင့် ပတ်သက်ပြီး ငရုပ်တောင် ရွာသား တဦးက “သူက ဘာတွေကို မကျေနပ်တာလဲတော့ မပြောနိုင်ဘူး။ NLD အလံကို မီးရှို့ဖျက်ဆီးပြီးတော့ တနေ့လုံး ရွာကို ပတ်ပြီး ဆဲဆို ကလော်တုတ်နေတယ်။ ၀င်ပြောတဲ့ အမျိုးသမီးတစ်ဦးကိုလည်း လေးဂွနဲ့ ပစ်လို့ ကြောကုန်းကို ထိမှန်သွားတယ်။ ကျွန်တော်တို့ကတော့ မြို့နယ် အဖွဲ့ချုပ်ကို သတင်းပို့ထားပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ငရုတ်တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နေ့က ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ ယခုအချိန်တွင် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စု တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့ဝင်လက်မှတ်ထုတ်ပေးထားသူ စုစုပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

Most read this week