ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ ယမန်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေရာတွင် တွေ့ဆုံခဲ့ရာ တပ်နေရာ ချထားရေး ကိစ္စ တင်ပြခဲ့သော်လည်း ထင်သလို ဖြစ်မလာကြောင်း KNPP အတွင်းရေးမှူး ခူဦး ရယ်က ပြောသည်။
“ကျနော်တို့ တင်ပြထားတာက အပစ်အခတ် ရပ်စဲတုန်းက သဘော တူထားပြီး အကောင်အထည် မဖေါ်နိုင်သေးတဲ့ တပ် နေရာ ချထားရေး ကိစ္စတွေကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ သမ္မတနဲ့ ဆွေးနွေးဖို့ ၊ ကာလုံနဲ့ ဆွေးနွေးဖို့ရှိတယ်၊ စစ်ဖက် ဆိုင်ရာနဲ့ ပြန်လည် တင်ပြ ရအုံးမယ်တဲ့။ ဦးအောင်မင်းက ပြောလိုက်တော့။ ဘာမှ သဘောတူညီမှု မရဘဲ အလွတ် သဘော ဖြစ်သွား ခဲ့ပါတယ်။” ဟု ဆိုသည်။
KNPP ဘက်မှ တပ်နေရာ ချထားရေးကို အခိုင်အမာ လုပ်ဆောင်သွားရန်၊ တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်မှု မရှိရန် စောင့်ထိန်းရမည့် အချက်များကို အဓိကထား ဆွေးနွေးလိုသည်ဟုလည်း ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ(၈) ရက်နေ့က ပြည်ထောင်စု အဆင့် သဘောတူခဲ့သည့် အချက် (၁၄) ချက် စလုံးကို ပြန်လည် တင်ပြဆွေးနွေး ခဲ့ကြောင်းနှင့် ယင်းအချက်များအား သဘောတူ ထားပြီးဖြစ်သော်လည်း လက်တွေ့ အကောင်အထည် မဖေါ်နိုင်သေးသဖြင့် ပြန်လည် တင်ပြခြင်းဖြစ်သည်ဟု ဆိုသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1211-knpp-.html
KNPP ၏ ဆွေးနွေး တင်ပြချက်များ အားလုံးကို ရှင်းလင်းချက် အနေဖြင့်သာ ဦးအောင်မင်းက ပြန်လည် ဖြေကြား သွားခဲ့သည်။
KNPP ဘက်က တပ်နေရာ ချထားရေးကိုသာ လက်တွေ့ အကောင်အထည် ဖေါ်လိုပြီး နိုင်ငံရေး ကိစ္စကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့နှင့်သာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးအောင်မင်း အဖွဲ့၏ ယခုခရီးစဉ်တွင် ABSDF၊ UNFC ၊ KNPP ၊ PSLF ၊ ALP ၊ WLB နှင့် လူ့ဘောင်သစ် အဖွဲ့တို့ကို တွေ့ ဆုံ သွားခဲ့သော်လည်း အလွတ်သဘော သက်သက်ဖြင့်သာ တွေ့ဆုံ သွားခဲ့ကြောင်း နောက်ထပ် တွေ့ဆုံကြမည့် ငြိမ်းချမ်း လုပ်ငန်းစဉ်များကိုလည်း ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ ကျင်းပလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။