လက်နက် ရှာဖွေ သိမ်းဆည်းမှု စစ်တွေ ဒေသခံ စိုးရိမ်

လက်နက် ရှာဖွေ သိမ်းဆည်းမှု စစ်တွေ ဒေသခံ စိုးရိမ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် အစိုးရ အာဏာပိုင်များက တုတ်၊ ဓါး၊ ဂျင်ဂလိ စသည့် လက်နက်များ ကို ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်နေသည့်အပေါ် မြို့ခံများက စိုးရိမ်နေကြသည်။

စစ်တွေမင်းဂံ ရပ်ကွက်တွင် လက်နက်များ ရှာဖွေနေစဉ်။ ( ဓါတ်ပုံ- RSV)
အဆိုပါ လက်နက်ရှာဖွေမှုကို ယမန်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က မင်းဂံ အကွက် အမှတ်(၁) မှ စတင်ပြုလုပ်ခဲ့ပြီး မွန်းလွဲ (၃) နာရီ အချိန်ခန့်တွင် ရပ်ကွက် အမှတ် (၈) အထိ ပြီးစီးခဲ့ကြောင်း သိရပြီး အိမ်သုံး လက်နက် ပစ္စည်းများ သိမ်းယူသွားသည့်အဆွက် အကာအကွယ်မဲ့မည်ကို စိုးရိမ်ကြောင်း မင်းဂံ ရပ်ကွက် (၄) မှ ဦးဘသိန်းအောင်က အခုလို ပြောသည်။

“ကျွန်တော်တို့က တစ်ဘက်က တစ်ခုခု အန္တရာယ်ပြုလာနိုင်မလားလို့ စိုးရိမ်နေရတဲ့အချိန်မှာ ရခိုင် အိမ်တွေကိုဝင်ပြီး ရှိသမျှ ဓါးတုတ်တွေကို သိမ်းယူသွားရင် နောက်တခေါက်ထပ်ဖြစ်လာရင် ကျွန်တော် တို့ လုံးဝကာကွယ်နိုင်မဲ့ အခြေအနေမရှိဘူး။ အခုဖြစ်နေတာက ကျွန်တော်တို့ စစ်တပ်ကိုလည်း ကြောက်ရ ဘင်္ဂလီတွေကိုလည်းကြောက်ရ ဖြစ်နေတယ်” ဟု ပြောသည်။

လက်နက်ရှာဖွေသည့် အဖွဲ့တွင် ရဲ၊ စစ်တပ်၊ အထူးရဲတပ်ဖွဲ့နှင့် တခြားဌာနဆိုင်ရာ ၀န်ထမ်းများ ပါ၀င်ပြီးတအိမ် တက်ဆင်း ရှာဖွေနေကြောင်း ၎င်းက ဆက်ပြောသည်။

“SP- ပါတယ်။ စစ်တပ်လည်းပါတယ်။ တခြားဌာနကလူတွေလည်းပါတယ်။ အိမ်မှာ ငါးခုတ်တဲ့ ဓါးတွေ၊ နောက်ပြီး နည်းနည်း ချွန်နေတဲ့ ဓါးတွေနဲ့ ရခိုင်အိမ်တွေမှာ အမြဲတမ်း ထားလေ့ ထားထရှိတဲ့ လှံငယ် တွေလည်း ယူသွားတယ်။ တစ်ချို့ အိမ်တွေမှာဆို သိ်မ်းသွားတဲ့အထဲမှာ ရွှေ၊ငွေမပါ ဆိုပြီး လက်မှတ် ထိုးခိုင်းတာလည်းရှိတယ်” ဟု ဆိုသည်။
အလားတူ လက်နက်ရှာဖွေရေးအဖွဲ့က ဘုမေ ဘင်္ဂလီရွာ၌လည်း ၀င်ရောက်ရှာဖွေ ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နေအိမ်များမှ တုတ်၊ ဓါးများကို ၀င်ရောက်ရှာဖွေ သိမ်းယူနေသော်လည်း အာဏာပိုင်များမှ လုံခြံုရေးကို လုံလောက်စွာ ချထားပေးမှုမရှိကြောင်း စစ်တွေမြို့ခံများကပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား၍ တူမီး၊ တုတ်၊ ဓါးအပါအဝင် လက်များကို နီးစပ်ရာနှင့် သက်ဆိုင်ရာ အာဏာ ပိုင်များထံ အပ်နှံကြရန် မကြာသေးမီက အစိုးရမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ကျောက်တော်အပါအဝင် နယ်တချို့တွင် လက်နက်များကို အာဏာပိုင်များက သိမ်းယူခဲ့သည်။

အစိုးရမှ တရားဝင်ကြေငြာပြီး လက်နက်များကို သိမ်းယူနေသော်လည်း နိုဝင်ဘာလ ၈ ရက်နေ့က ပေါက်တောမြို့ နယ် စိုးမဲကျီကျေးရွာမှ ဦးလပြည့်ဦးတို့ သားဖနှစ်ဦးကို တူမီးသေနတ်ဖြင့်  ပစ်ခတ်ခဲ့သည့်အတွက် ဦးလပြည့်ဦးမှာ စစ်တွေဆေးရုံတွင်ဆေးကုသ ခံနေရသည်။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ မောင်စိုးဝင်းကို လက်မရွာနှင့် နဂရာကျေးရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိဖြင့် ၀ိုင်းဝန်းတိုက်ခဲ့သည့်အတွက် မင်းပြား ဆေးရုံသို့ပို့ဆောင်ခဲ့ရ သည်။

Most read this week