အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့ အထိ အန္ဒိယ နိုင်ငံကို သွားရောက် လည်ပတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နို၀င်ဘာ (၁၂) ရက်နေ့မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံကို ထွက်ခွာမည်ဖြစ်ပြီး နို၀င်ဘာ (၁၃) ရက်နေ့တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိမည် ဖြစ်သည်။
နို၀င်ဘာ (၁၄) ရက်နေ့၌ အိန္ဒိယ ၀န်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း နေရူး၏ အောက်မေ့ဖွယ် အခမ်းအနား၌လည်း အမှတ် တရ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့နောက် နို၀င်ဘာ (၁၅) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ဒုသမ္မတနှင့် တွေ့ဆုံရန် ရှိသလို အန္ဒိယ ပါလီမန်သို့ သွားရောက်၍ ပါလီမန် ဥက္ကဌနှင့် တွေ့ဆုံရန် ရှိသည်။
နို၀င်ဘာ (၁၆) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် ပညာ တက်ရောက် သင်ကြား ခဲ့ဖူးသည့် Lady Shri Ram College သို့ သွားရောက်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ယင်းကောလိပ် မှ ၁၉၆၄ ခုနှစ်တွင် နိုင်ငံရေး ဘာသာရပ်ဖြင့် ဘွဲ့တစ်ခု ရရှိခဲ့ဖူး သည်ဟု အန္ဒိယ နိုင်ငံထုတ် သတင်း တစ်ရပ်တွင် ဖော်ပြ ထားပါသည်။
နိုဝင်ဘာ (၁၆) ရက်နေ့ ၌ပင် Bengaluru ရှိ မြန်မာ အသိုင်းအဝိုင်း များနှင့် ဆက်လက် တွေ့ဆုံမည် ဖြစ်သည်။ ဆက်လက်၍ နို၀င်ဘာ (၁၇) ရက်နေ့တွင် Indian Institute of Science and The Infosys Campus သို့ သွားရောက် လည်ပတ်မည်။ ၄င်းနောက် အန္ဒိယနိုင်ငံမှတ ဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်လာမည်ဖြစ်ပြီး နို၀င်ဘာ (၁၈) နံနက်ပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
ယခု ဒေါ်အောင်ဆန်း စုကြည်၏ အန္ဒိယ နိုင်ငံသို့ အလည် အပတ် ခရီးစဉ်သည် “အန္ဒိယ-မြန်မာ ဆက်ဆံရေး အခန်း ကဏ္ဍအတွက် အပေါင်း လက္ခဏာ ဆောင်သည့် အထိမ်းအမှတ် တစ်ခုဖြစ်သည်” ဟု http://www.firstpost.com/ အင်တာနက် စာမျက်နှာ၌ ဖေါ်ပြ ထားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ အန္ဒိယနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Manmohan Singh မှ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သည်။