UNFC နှင့် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ဦးအောင်မင်း ဆန္ဒရှိ

UNFC နှင့် ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ဦးအောင်မင်း ဆန္ဒရှိ
by -
ရွှေဟင်္သာ

ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းနှင့် တွေ့ဆုံပွဲတွင် အနာဂတ် ဆွေးနွေး ပွဲများအတွက် အချက် (၄) ချက်ကုုိ တောင်းဆိုခဲ့ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

UNFC_02_gggggggggr55_thumb_medium650_488

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယမန်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြောင်းနှင့် လာမည့် ဆွေးနွေးပွဲများအား ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာအတွင်း ပြုလုပ်ကြရန် ဆန္ဒရှိကြောင်း ဦးအောင်မင်းက ပြောဆိုသည်။ သို့သော် တွေ့ဆုံမည့် နေ့ရက် အတိအကျကို မပြောဆိုသော်လည်း ဒီဇင်ဘာလ မကုန်မီ ထပ်မံ တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု UNFC ဖက်က ခန့်မှန်းထားသည်။

“အဆိုပြု ထားတာကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ရယ်။ ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲ ရေးကို ကြေညာ ပေးဖို့ရယ်၊၊ တခါ အပစ်မရပ်ရသေးတဲ့ ဒေသမှာ နှစ်ဖက်စလုံးကို စောင့်ကြည့်မယ့်အဖွဲ့ ထားရှိဖို့ရယ်။ နံပါတ် ၄ ကတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါ တယ်။” ဟု နိုင်ဟံသာက ဆိုသည်။

ဆွေးနွေးပွဲတွင် အစိုးရဖက်မှ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် (၆) ဦးနှင့် UNFC ဖက်မှ ဒု-ဥက္ကဌ အေဗယ်တွီ့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၉) ဦး တို့က ညနေ (၄) နာရီမှ (၅) နာရီ အချိန်အထိ တစ်နာရီကြာ တွေ့ဆုံခဲ့ကြသည်။

ထို့အပြင် UNFC အဖွဲ့ဝင်ဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် ပူးပေါင်း အဖြေရှာကြရန်နှင့် UNFC ဘက်က ချမှတ်ထားသည့် လမ်းပြမြေပုံ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ လက်ရှိအနေအထားအရ အစိုးရတပ်က KIO တပ်များအား ၀ုိင်းရံထားပြီး အပစ်အခတ်ရပ်စဲ ရေးအတွက် ဖိအားပေးနေသည့် သဏ္ဍာန် သက်ရောက်နေကြောင်းနှင့် အစိုးရ တပ်များ ဆုတ်ခွာပေးပါက တိုက်ပွဲများ ရပ်စဲသွားနိုင်ကြောင်း UNFC ဘက်က တင်ပြခဲ့သည်။

သို့သော် ဦးအောင်မင်းကမူ “တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရယူဖို့ ဆိုတာ ကျနော်တို့ ကြိုစားပေး နေပါတယ်။ ကချင်တစ်ဖွဲ့ထဲဘဲ ကျန်တော့တယ်။ ဒါကိုလဲ ကြိုးစား လုပ်ဆောင်နေတုန်းပါ။ အခြေအနေက တိုးတက်မှုတွေ ရှိပါတယ်။ ကချင်အရေးကို UNFC ဖက်က ပူးပေါင်း ဆောင်ရွက်ရင် ဒါကကောင်းတဲ့ နည်းလမ်း”ဟု ပြောဆိုကြောင်း သိရသည်။

ကချင်ပြည် လွပ်လပ်ရေး အဖွဲ့ KIO သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိ အစိုးရတပ်နှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အတွက် အစိုးရနှင့် ဆက်လက် ဆွေးနွေးနေသည့် အဖွဲ့ ဖြစ်သည်။