နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး လာရောက် ဖြေရှင်း

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး လာရောက် ဖြေရှင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာမှ ကျေးရွာသားများကို နိုင်ငံသား စိစစ်မှု ပြုလုပ်နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေ သဖြင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့ ယမန်နေ့က လာရောက် ဖြေရှင်း ခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က  ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာသည့် ကိစ္စအား ယခုလို ပြောဆိုသည်။

“နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာ နာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီး တောင်းဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့  မနေ့က ပေါက်တောမြို့နယ်် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။

ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။  ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုးဟုရေးသား ထားသဖြင့်  လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ၀န်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီ အထောက် အထားနဲ့ ငြင်းဆန်နေတာကို တွေ့ရပါတယ်” ဟု ဦးတက်ထွန်းအောင်က ဆိုသည်။

ထို့အပြင် “နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ အတိ အလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်းဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ်” ဟုပြောသည်။

ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(ငဝက် ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။

အဖွဲ့ ၁၅ ဖွဲ့ခွဲ၍ စစ်ဆေးနေပြီး တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ ဦးပါရှိသည့်အနက် ရခိုင်တဦးနှင့် မွတ်ဆလင် တစ်ဦးစီ ပါ၀င်ကြောင်း သိရသည်။

Most read this week