တပ်သား (၃) ဦးကိစ္စ မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

တပ်သား (၃) ဦးကိစ္စ မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တခုမှ ဖမ်းဆီး ခေါ်ဆောင် သွားသော မြန်မာ အစိုးရတပ်ဖွဲ့ဝင် (၃) ဦးကိစ္စ ဖော်ထုတ်ရာတွင် အကူအညီပေးရန် မြန်မာနယ်စပ် လုံခြံုရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေချ့် နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့ တရားဝင် စာရေး အကြောင်းကြားခဲ့ကြောင်း သတင်းရသည်။

နို၀င်ဘာလ (၈) ရက်နေ့က နှစ်ဖက် တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး နောက်တနေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေချ့်ဘက်က အတည်ပြု ပြောဆိုသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာ နစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသား များကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

လွန်ခဲ့သည့် နို၀င်ဘာလ (၆) ရက်နေ့ ညနေပိုင်းအချိန် လုပ်ငန်းခွင်မှ ပြန်လာသည့် အစိုးရ၏ ဆောက်လုပ်ရေး GE တပ်ဖွဲ့ဝင် (၄) ဦး မောင်တောမြို့ နယ်စပ်မှတ်တိုင် အမှတ် (၅၁) နှင့် (၅၂) အကြား တိုက်ခိုက်ခံခဲ့ရပြီးတဦးသေ ဆုံးကာ (၃) ဦးအား အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

အဆိုပါ မြန်မာတပ်ဖွဲ့ဝင် (၃) ဦးအား ဘင်္ဂလားဒေချ့်ဘက်တွင် အခြေစိုက်သည့် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မြန်မာဘက်က သံသယရှိနေပြီး လောလောဆယ် နယ်စပ်တဝိုက် နှစ်ဖက်တပ်များ အင်အားတိုးမြင့်ချထားသည့်အတွက် ဒေသခံ လူထုအကြား စိုးရိမ်မူများ ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week