တော်ဝင် ဆန္ဒပြလုပ်သားများအရေး တိုင်းခုံသမာဓိအဖွဲ့ စတင်ကြားနာ

တော်ဝင် ဆန္ဒပြလုပ်သားများအရေး တိုင်းခုံသမာဓိအဖွဲ့ စတင်ကြားနာ
by -
မဇ္ဈိမ

ရွှေပြည်သာ ဝါးတစ်ရာ စက်မှုဇုန်ရှိ ‘တော်ဝင်’ သစ်အချောထည် စက်ရုံလုပ်သား ၁၇၀ ခန့် ဆန္ဒပြနေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့က သောကြာနေ့တွင် စတင်ကြားနာပြီ ဖြစ်ကြောင်း သိရသည်။

စက်ရုံလုပ်သားများမှာ တောင်းဆိုချက် ၅ ချက်ဖြင့် အောက်တိုဘာလ ၂၄ ရက်မှ စတင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒပြသည့် ၁၇ ရက်မြောက်နေ့မှ တိုင်းခုံသမာဓိအဖွဲ့က ယခုကဲ့သို့ ကြားနာစစ်ဆေးခြင်း ဖြစ်သည်။
တော်ဝင်မိသားစု သစ်အချောထည် စက်ရုံရှေ့တွင် ဆန္ဒပြနေကြသော စက်ရုံလုပ်သားအား ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)
“ကျမတို့ တောင်းဆိုတဲ့ အချက် ၅ ချက်ကို မှန်/မမှန် တချက်ချင်း စစ်ဆေးတယ်။ ပြီးတော့ အဲဒီ တောင်းဆိုချက်တွေ ကို ဘာကြောင့် မပေးသလဲလို့ အလုပ်ရှင်ဘက်ကို ဖြေရှင်းချက် တောင်းတယ်” ဟု ခုံသမာဓိအဖွဲ့၏ စစ်ဆေးခဲ့မှုကို အလုပ်သမား ကိုယ်စားလှယ် မသူဇာ က ပြန်ပြောပြသည်။

သောကြာနေ့ ကြားနာမှုတွင် အလုပ်ရှင်ဘက်မှ ဖြေရှင်းချက်များကိုသာ ကြားနာခဲ့ကြပြီး စနေနေ့ နံနက် ၁ဝ နာရီတွင် ဆုံးဖြတ်ပေးလိမ့်မည်ဟုလည်း မသူဇာ က ဆိုသည်။

ဆန္ဒပြ လုပ်သားများအနက် ၁ဝ ဦးက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ရာ ကိုးရက် တိုင်ပြီဖြစ်သည်။ ထိုသို့ အစာငတ်ခံ ဆန္ဒပြသူများ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလျက်ရှိပြီး အများစုမှာ စကားပင် ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ နှစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

တိုင်းခုံသမာဓိအဖွဲ့၏ ကြားနာစစ်ဆေးမှုခံယူရန် အလုပ်သမားဘက်မှ ကိုယ်စားလှယ် ခြောက်ဦး တက်ရောက်ပြီး အလုပ်ရှင်ဘက်မှ စက်ရုံမှူး ဦးလှကြည်နှင့် စက်ရုံမန်နေဂျာ ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။

ခုံသမာဓိအဖွဲ့က “အမှန်တရားဘက်က ရပ်တည်မယ်၊ တောင်းဆိုချက်တွေက မှန်ကန် သင့်လျော်တယ်ဆိုရင်
ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ပေးမယ်” ဟုဆိုကြောင်းလည်း မသူဇာက မဇ္ဈိမကို ပြန်လည်ပြောကြားသည်။
တော်ဝင်မိသားစု သစ်အချောထည် စက်ရုံရှေ့တွင် ဆန္ဒပြနေကြသော စက်ရုံလုပ်သားအား ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)
အလုပ်သမားများက လုပ်ငန်းခွင်သို့ ပြန်ဝင်ခွင့်ရရေး၊ သစ်အချောထည် စက်ရုံ အလုပ်သမားများကို ဆောက်လုပ်ရေး လုပ်ငန်းများသို့ မပို့ရေး၊ အလုပ်ရှင်/အလုပ်သမား သဘော တူညီချက်စာချုပ်ကို တပတ်အတွင်း ချုပ်ဆိုရေး၊ ဆန္ဒပြ လုပ်သားများကို တရားမစွဲဆိုရေး စသည့် အချက်များ အပါအဝင် တောင်းဆိုချက် ၅ ချက်ကို တောင်းဆို နေကြခြင်း ဖြစ်သည်။

အလုပ်သမားများက ယခင်က စက်ရုံရှေ့တွင်သာ ဆန္ဒပြနေခဲ့သော်လည်း ယခုလ ရ ရက်နေ့မှစတင်၍ ရှစ်မိုင်လမ်းဆုံအနီး မရမ်းကုန်းမြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ကာ သပိတ်စခန်း ဖွင့်လှစ်ပြီး ယနေ့အထိ ဆန္ဒပြနေကြသည်။

တိုင်းခုံသမာဓိအဖွဲ့သည် အစိုးရသစ်လက်ထက်တွင် ပြဋ္ဌာန်းလိုက်သည့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းအဖွဲ့တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား တို့၏ ကိုယ်စားလှယ် အသီးသီးပါဝင် ဖွဲ့စည်းထားသည်။

ယင်းအဖွဲ့သည် အလုပ်သမားများနှင့်အလုပ်ရှင်ကြား အငြင်းပွားမှုများ ဖြစ်ပွားလာပါက တရားရုံးကဲ့သို့ ကြားနာ စစ်ဆေးသည့် အဖွဲ့ဖြစ်ပြီး တိုင်းအဆင့် ခုံအဖွဲ့၏ ဆုံးဖြတ်မှုကို တဖက်ဖက်မှ ကျေနပ်မှုမရှိပါက ပြည်ထောင်စုအဆင့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို ရယူနိုင်သေးသည်။

အလုပ်သမားများ ဆန္ဒပြပွဲများနှင့် ပတ်သက်၍ တော်ဝင်ကုမ္ပဏီ ပိုင်ရှင် ဦးကိုကိုထွေး က နိုဝင်ဘာလ ၈ ရက်က သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပြီး အလုပ်သမားများ၏ တောင်းဆိုချက်များသည် ကြောင်းကျိုးဆီလျော်မှုမရှိ၍ ၎င်းအနေဖြင့် လိုက်လျောရန် အခက်အခဲရှိနေကြောင်း ပြောဆိုခဲ့ပြီး “အလုပ်ရှင် မရှိရင် အလုပ်သမား မရှိနိုင်ပါဘူး။ အလုပ်သမား မရှိရင်လည်း အလုပ်ရှင် မရှိနိုင်ပါဘူး။ ဒါကြောင့် အပြန်အလှန် နှစ်ဖက်ရှိတယ် ဆိုတာကိုတော့ နားလည်စေချင်တယ်” ဟုလည်း ပြောဆိုခဲ့သည်။

Most read this week