ဘုရားဖူးပြန် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

ဘုရားဖူးပြန် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး ပြန်လာသည့် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာ ရရှိခဲ့သော ဦးလပြည့်ဦး။
ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း စောမဲကျီ ကျေးရွာမှ ဦးလပြည့်ဦး တို့သားအဖ ဘုရားဖူးပြန်လာစဉ် အပစ်ခံရခြင်း ဖြစ်သည်ဟု ပေါက်တောမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံးမှ တာဝန် ရှိသူတဦးက နိရဥ္စရာသို့ အခုလိုပြောသည်။

“မနေ့က ဆံတော်ရှင် ဘုရာဖူးလို့အပြန် အဲဒီသားအဖနှစ်ဦးက စောမဲကျီရွာနီးက ရမြိုင်ကျိုင် ဆိုတဲ့နေရာမှာ နားနေကြစဉ် ည ၅ နာရီ ၁၅ မိနစ်လောက်မှာ ဘုတ်တစီးက အနီးကပ်လာပြီး တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေနတ်သံကြားတာနဲ့ ရွာသားတွေလိုက်သွားတော့ အဲဒီ ဘုတ်ထွက်ပြေး သွားတာကို မြင်ရပါတယ်” ဟုပြောသည်။

ဦးလပြည့်ဦးမှာ ရင်ဘက်၊ ဆီးအုံနှင့် တချို့နေရာများတွင် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်၍ ယမန်နေ့က စစ်တွေဆေးရုံကြီးသို့ ချက်ချင်းယူဆောင် သွားခဲ့ပြီး သားဖြစ်သူမှာ ဒဏ်ရာမ ပြင်းထန်သဖြင့် ဒေသဆေးရုံတွင် ကုသမှုခံနေရသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ယမ်းထောင်း (တူမီး)၊ တုတ်၊ဓါး၊ ဂျင်ကလိ၊ လေးဂွ၊ မြှားအစရှိသည်တို့ကို သက်ဆိုင်ရာသို့ အပ်နှံရ မည် ဟု အစိုးရက တရားဝင်ကြေငြာထားသည်။

Most read this week