ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွား နေသ၍ ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေးမည့် အစိုးရအဖွဲ့၏ တောင်းဆိုချက်အပေါ် လက်ခံရန် ခက်ခဲနေသေးကြောင်း ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (KIO) နိုင်ငံခြား ဆက်ဆံရေး ဌာန ဒုတာဝန်ခံ ဂျိမ်း()စ်)လွန်းတောင်က ဆိုသည်။
“တိုက်ပွဲက နေ့တိုင်း ဖြစ်နေတယ် ဆိုတော့ ဦးအောင်မင်း တောင်းဆို ထားတဲ့ ပြည်တွင်းမှာ တွေ့ဆုံ ဆွေးနွေး ကြရေး ကိစ္စကိုတော့ ကျနော်တို့ဘက်က ဆုံးဖြတ်ရ နည်းနည်း ခက်နေတာပေ့ါ။ တဖက်နဲ့ တဖက် ယုံကြည်မှု ရှိသွားရင် နေပြည်တော် အထိ သွားရလဲ စဉ်စားနေဖို့ မလိုဘူးလေ။ အခုဟာက တဖက်က စစ်ပြင်ပြီး တိုက်နေမှတော့ ယုံယုံကြည်ကြည်နဲ့ ပြည်တွင်းမှာ တွေ့မယ်ဆိုတာ ကိုက မဖြစ်နိုင်တာပါ” ဟု ဂျိမ်း(စ်)လွန်းတောင်က ဆိုသည်။
အောက်တိုဘာလ (၃၀) ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံ ရွှေလီ အစည်းအဝေးတွင် ပြည်တွင်း၌ တွေ့ဆုံ ဆွေးနွေး ကြရန် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက တောင်းဆို ခဲ့သည့်အပေါ် KIO က အခုလို ပြောဆိုလိုက်ဖြင်း ဖြစ်သည်။
အစိုးရ၏ တောင်းဆိုချက်ကို (KIO) ဗဟို ကော်မတီ အစည်းအဝေး၌ တင်ပြပြီး အဆုံးအဖြတ် ပေးမည်ဟု ဂျိမ်း(စ်)က ဆိုသည်။ KIO က အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ထက် နိုင်ငံရေး ကိစ္စများ ဆွေးနွေး အဖြေရှာ ရေးကိုသာ အဓိက တင်ပြ ဆွေးနွေး ခဲ့သော်လည်း အစိုးရ ကိုယ်စားလှယ် များကမူ အပစ်အခတ် ရပ်စဲရေးကို ပထမ ခြေလှမ်း အဖြစ် သဘော တူညီချက် ရရန် အဓိက တင်ပြ ခဲ့သည်။
နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ကချင်ပြည်နယ် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
KIO က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး လိုကြောင်း အစိုးရအား တင်ပြထားသလို “အပစ်အခတ် ရပ်စဲတဲ့ နေရာမှ တစ်ပါတီချင်း သွားလုပ်လို့ ရတယ်လေ။ နို်င်ငံရေး တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ တစ်ပြည် လုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် UNFC နဲ့ဘဲ ဆွေးနွေးသွားမယ်” ဟု ဂျိမ်း(စ်)လွန်းတောင် ကဆိုသည်။
အထို့အပြင် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရာတွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး မူ (၈) ချက်အတိုင်း ဆွေးနွေးမည် ဆိုပါက ကေအိုင်အို ဘက်မှ လက်ခံနိုင်မည် မဟုတ်ဟု KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က မီဒီယာ မေးမြန်ခန်း တစ်ခု၌ ပြောကြား ခဲ့သည်။ http://burma.irrawaddy.org/archives/24576