သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အမှတ် ၂ စျေး ၊ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံလိုက်သည့် အပေါ် ဆိုင်ခန်းငှားရမ်း သူများက အခန်းခ လျှော့ပေါ့ရေးနှင့် ပတ်သက်၍ သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစ်စောင်ကို ယခုလ ၂ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။
နှင်းနှင်းခိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင် ဆိုင်ခန်းများဖြစ်၍ စုစုပေါင်း ဆိုင်ခန်း ၂၀၀ ၀န်းကျင်ခန့်ရှိပြီး ယခင်က ဆိုင်ခန်းတစ်ခန်းလျှင် အမျိုးအစားအလိုက် တစ်လ တရုတ်ငွေယွမ် ရဝဝ နှင့် ၆၀၀ စီ အသီးသီးကောက်ခံနေရာမှ အောက်တိုဘာ လကုန်မှစ၍ ယွမ် ၂၀၀ စီ တိုးမြှင့်ခဲ့သည်။
"အရင် ယွမ် ရဝဝ တန်အခန်းကို ၉၀၀ ပေါ့ ၆၀၀ တန် အခန်း ကို ၈၀၀ ပေါ့ စာချုပ်ပါတောင်းထားတဲ့အတိုင်း ပေးနေရတယ်” ဟု ဆိုင်ခန်း ငှားရမ်း အသုံးပြုနေသူတဦးက ပြောသည်။
အခန်းခတိုးမြှင့်လိုက်သည့် အပေါ် ငှားရမ်းသူများက သက်ဆိုင်ရာ မူစယ်ခရိုင်အုပ်ချုပ်ရေးရုံးသို့ စာရေးတင်ပြ ထားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြရခြင်းဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
“အခန်းခတိုးမြှင့်ကောက်ခံပြီး ၃ ရက်အတွင်းပေါ့နော် ငှားရမ်းသူတွေဘက်က မူစယ်ခရိုင်အုပ်ချုပ်ရေးကို အသနားခံစာ တင်တယ်။ သူတို့ဘက်က ခေါ်ယူညှိနှိုင်းတာတို့ အရေးယူဆောင်ရွက်ပေးတာတို့ မရှိဘူး အဲဒါကြောင့် ပြည်နယ်ဝန်ကြီး ချုပ်ဆီကို စုပေါင်းလက်မှတ်ထိုးပြီး စာပြန်တင်ထားတယ်” ဟု ဆိုသည်။
ယခင်က အဆိုပါ စျေးအတွင်း လူစည်ကားခြင်း မရှိသော်လည်း ယခုအခါ လူစည်ကားစပြုလာရာ ဆိုင်ခန်းလိုချင်သူများ ပြားလာသဖြင့် ကုမ္ပဏီဘက်မှ အခန်းခစျေးများ တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆိုင်ခန်းခတိုးမြှင့်မယ်ဆိုရင် ပိုင်ရှင်ဘက်က ကြိုတင်သတိပေးရမယ်ပေါ့ဗျာ၊ နောက် ၃ လအတွင်း အခန်းခ ချက်ခြင်း မတိုးသင့်ဘူးပေါ့ ညှိနှိုင်းဆောင်ရွက်မှု လိုတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် အခုပြည်နယ်ဝန်ကြီးချုပ်ကို တင်ထားတာ မထူးခြားရင် သမ္မတအထိ ဆက်တင်မှာပဲ ” ဟု နောက်ထပ်မူစယ်မြို့ခံ တစ်ဦးက ဆိုသည်။
ဆိုင်ခန်းငှားရမ်းသူများက ဆိုင်ခန်းခအပြင် စည်ပင်အမှိုက်ခွန် တစ်လကျပ် ၁,၀၀၀၊ ရေမီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် မီးတစ်ယူနစ် ကျပ် ၁၅၀ ပေးဆောင်ရကြောင်း သိရသည်။ ယခုအခါ နှင်းနှင်းခိုင်ကုမ္ပဏီမှ စျေးအတွင်း ပျက်စီးနေသည့် ရေနှုတ်မြောင်းများ ပြန်လည်ပြုပြင်ပေးနေသော်လည်း ဆိုင်ခန်းခများ လျှော့ပေါ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။