မူဆလင် ၉၀ ကျော်ပါ လှေတစီး မြန်မာ့ရေတပ်က ဖမ်းဆီး

မူဆလင် ၉၀ ကျော်ပါ လှေတစီး မြန်မာ့ရေတပ်က ဖမ်းဆီး
by -
မဇ္စျိမ

မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့က ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာ မြန်မာရေတပ်က ဖမ်းဆီး လိုက်ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

ကမ္ဘာ့ရေပိုင်နက်မှ မြန်မာ့ရေပိုင်နက် (ကော့သောင်း) သို့ ဝင်ရောက်လာသည့် ထိုစက်လှေကို မြန်မာ့ရေတပ် စစ်ရေယာဉ် အမှတ် (၁၁၅) မှ ခွဲထွက်စက်လှေက လိုက်လံဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

“လိုက်ဖမ်းတော့ စက်ဆရာနဲ့ ပဲ့နင်းက ရေထဲ ဆင်းပြေးသွားတယ်ပေါ့ဗျာ။ အဲဒါ လှေက မျောပြီး ဝင်လာတော့
ကော့သောင်းဘက်ကို ဝင်လာတယ်။ ကမ်းပေါ်ထိ တက်ပြေးတယ်။ ရေတပ်က နောက်က လိုက်တော့ ဖမ်းမိတာပေါ့ ဗျာ” ဟု အမည် မဖော်လိုသည့် ကော့သောင်း လဝက မှ အရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပင်လယ်ကမ်းစပ်ရွာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အစ္စလာမ် ဘာသာဝင် ၉၅ ဦး ဖြစ်ပြီး ၎င်းတို့အနက် တရားဟောဆရာ ၆ ဦး ပါဝင်ကာ အမျိုးသားများချည်းသာဖြစ်သည် ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

၎င်းတို့မှာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ဦးတည်သွားရန် ဖြစ်ပြီး လူပွဲစားများအား မြန်မာကျပ်ငွေ ၅ သိန်းနှင့် ညီမျှသည့် မလေးရှားငွေကို ပေးဆောင်ရမည် ဖြစ်ကြောင်း စစ်ဆေးမေးမြန်း ချက်အရ သိရသည်ဟုလည်း အဆိုပါ လဝက အရာရှိက ပြောသည်။

“ဦးတည်ချက်က ထိုင်းကို ဝင်မယ်။ အဲဒီမှာ အလုပ်လုပ်မယ်။ နောက်ပြီးရင် မလေးနယ်စပ်မှာ ရှိတဲ့ သူတို့ ဒုက္ခသည် စခန်းကို သွားမယ်။ အဲဒီကနေ တတိယနိုင်ငံကို သွားမယ် ပြောတာပဲ” ဟု သူက ပြောသည်။

ထို့အပြင် ယခုကိစ္စသည် နိုင်ငံရေး ဒုက္ခသည်ကိစ္စ မဟုတ်ကြောင်းနှင့် လူကုန်ကူးမှု ကိစ္စသာ ဖြစ်ကြောင်း လည်း သူက ဆိုသည်။

စစ်ဆေးမေးမြန်းပြီးနောက် အင်္ဂါနေ့ ညနေပိုင်းက ကမ္ဘာ့ရေပိုင်နက်သို့ ပို့ကာ ပြန်လွှတ်လိုက်သည်ဟု
ကော့သောင်းရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

“သူတို့က တိုင်းရင်းသား ဘာသာစကား၊ ရခိုင်စကားလည်း မပြောနိုင်ကြဘူး။ ဗမာစကားလည်း မတတ်ကြ ဘူး။ အဲဒါကြောင့် မရှုပ်ချင်လို့ လိုအပ်တဲ့ ရိက္ခာတွေ ကူညီထည့်ပြီး ပြန်လွှတ်လိုက်တာ” ဟု ရဲစခန်းနှင့် နီးစပ်သူက ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံသို့ ဦးတည်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၁ဝ ဦးခန့် တင်ဆောင် လာ သည့် စက်လှေတစီး ဗုဒ္ဓဟူးနေ့က ဘင်္ဂလားပင်လင်ပြင်၌ နစ်မြုပ်ခဲ့ပြီး ၎င်းတို့အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ၁ဝဝ ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒု-ဗိုလ်မှူးကြီး Lieutenant-Colonel Mohammad Jahid ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းတရပ်တွင် ဖော်ပြသည်။

အလားတူ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ဘင်္ဂါလီ ရိုဟင်ဂျာ မွတ်ဆလင် ၁၃ဝ ဦး ပါဝင်သည့် ခရီးသည်တင် စက်လှေတစီး နစ်မြုပ်ခဲ့ပြီး ထက်ဝက်ခန့်ကိုသာ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကပြောသည်။