NLD ကျေးရွာ ရုံးများ တောင်ကုတ်မြို့နယ်တွင် ဆက်ဖွင့်

NLD ကျေးရွာ ရုံးများ တောင်ကုတ်မြို့နယ်တွင် ဆက်ဖွင့်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။

NLD-Taungup-office

ယမန်နေ့ နိုဝင်္ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်းထိုး ကျေးရွာ တွင် NLD ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ရာ ဒေသခံ ရွာသူရွာသားများ နှင့် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးခင်လှ၊ ဦးမင်းအောင်၊ ဦးစိုးချစ်မောင်၊ မခင်မာရီနှင့် မအေးအေးနိုင်တို့ တက်ရောက် ခဲ့သည်။

ကျေးရွာ ရုံးများတိုးချဲ့ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ နယ်စီး ဥက္ကဌ ဦးစိုးချစ်မောင်က “ဟုတ်ပါတယ်။ ဖွင့်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ရပ်ကွက် ကျေးရွာတွေမှာလဲ အလုပ် အမှုဆောင်တွေ ဖွဲ့လာမယ်။ ဖွဲ့လာတဲ့အခါမှာ ရပ်ကွက် ကျေးရွာအုပ်စုတွေမှာရှိတဲ့ အောက်ခြေ လူထုလူတန်းစားတွေရဲ့ အခက်အခဲတွေကို တိုက်ရိုက်ဖြေရှင်းနိုင်အောင်လို့ ရှေ့တန်းစခန်းပုံစံမျိုးနဲ့ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ထု့အပြင် မြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင်လည်း ထပ်မံ ဖွင့်လှစ်သွားမည့် အနေအထားရှိကြောင်း “ကျွန်တော်တို့ တောင်ကုတ်မြို့နယ်မှာ ၅၁ အုပ်စုရှိပါတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စုတွေလဲ ရှိပါ သေးတယ်။ လောလောဆယ် ၃၂ အုပ်စုလောက်ဘဲ ဖွင့်ရသေးတယ်။ နောက်ထပ် ဖွင့်ဖို့ အုပ်စု တွေမှာ အလုပ်သမားတွေ အားတဲ့အချိန်၊ လယ်သမားတွေ စပါးရိတ်သိမ်းပြီး နားနေတဲ့ အချိန်မှာ  ဖွင့်လှစ် သွားမှာ ပါဖြစ်ပါတယ်”  ဟု ဦးစိုးချစ်မောင်က ဆိုသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ယခုလက်ရှိ ၃၂  အုပ်စုတွင် ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ အဖွဲ့ဝင် ကဒ်ထုတ်ပေးထားသူ အဖွဲ့ ၀င်ပေါင်းမှာ ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week