စွမ်းအင်ကဏ္ဍ မဖွံ့ဖြိုးဘဲ မြန်မာပြည် မတိုးတက်နိုင်ဟု နော်ဝေ သံအမတ်ပြော

စွမ်းအင်ကဏ္ဍ မဖွံ့ဖြိုးဘဲ မြန်မာပြည် မတိုးတက်နိုင်ဟု နော်ဝေ သံအမတ်ပြော
by -
မဇ္စျိမ

ပြည်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည်ဟု နော်ဝေး အစိုးရမှ သုံးသပ်၍ မြန်မာနိုင်ငံ၏ ၁၉၈၄ ခုနှစ် Electricity Law (လျှပ်စစ်ဥပဒေ) အား ပြန်လည် ရေးဆွဲ ပြင်ဆင်နိုင်ရန် အကူအညီပေးသွားမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် မစ္စကတ်ဂျာ ခရစ္စတီနာ နော့ဂတ် Ms. Katja Christina Nordgaard က ပြောဆိုလိုက်သည်။

“စွမ်းအင် မရှိဘဲနဲ့ တိုင်းပြည် တိုးတက်ရေး ဆိုတာလည်း ရှိမလာနိုင်ပါဘူး။ လူမှု ဖူလုံရေးအတွက် ဆေးရုံတွေ ဆောက်မယ်လို့ ပြောလိုက်တာနဲ့ကို စွမ်းအင်ကဏ္ဍကို အရေးတကြီး ထည့်သွင်း စဉ်းစားရပါတော့မယ်။ မြန်မာနိုင်ငံ မှာ သာမာန် ပြည်သူတွေရဲ့ စွမ်းအင် သုံးစွဲနိုင်မှုဟာ အရမ်းကို နည်းပါးနေပါတယ်။ ဒီဒုက္ခတွေကို မြန်မာနိုင်ငံသား တွေက ကျမထက် ပိုသိပါတယ်” ဟု မဇ္စျိမကို ပြောသည်။

စွမ်းအင်ကဏ္ဍ၌ မှန်ကန်သည့် ဥပဒေတွေ ရှိရန်၊ စည်းစနစ်ကျ၍ အဆင့်ဆင့်သော လုပ်ငန်းစဉ်များ ရေးဆွဲသွားရန်၊ တဆက်တည်း၌ပင် စွမ်းအင် သုံးစွဲရေး မှန်ကန် မျှတမှု ရှိတဲ့ အကျိုးခံစားခွင့် ဥပဒေများကိုလည်း ပြဋ္ဌာန်းရေးဆွဲသွားရမည်ဟုလည်း သံအမတ် ကြီးက ဆက်ပြောသည်။

၎င်းကဏ္ဍ၌ ကူညီရန် အတွက်လည်း မြန်မာအစိုးရနှင့် နော်ဝေး အစိုးရတို့အကြား ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ဖြစ်သည်။

ထို ၁၉၈၄ ခုနှစ် Electricity Law (လျှပ်စစ် ဥပဒေ)အား ပြန်လည် ပြင်ဆင် ရေးဆွဲနိုင်ရန် အတွက်လည်း အမေရိကန် ဒေါ်လာ ၈၅ဝ,ဝဝဝ အား အာရှ ဖွံဖြိုးရေးဘဏ် မှတဆင့် ကူညီပံ့ပိုးသွားမည်ဟု အောက်တိုဘာလ ၅ ရက်နေ့က နော်ဝေး အစိုးရနှင့် အာရှ ဖွံဖြိုးရေး ဘဏ်တို့မှ ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။

အဆိုပါ ငွေကြေး အကူအညီများကို ထိုဥပဒေသစ် ရေးဆွဲနိုင်ရေးအတွက် လိုအပ်သည့် စွမ်းရည်မြှင့် သင်တန်းပေးမှု များ၊ ပညာရှင်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးတို့တွင် အဓိထား သုံးစွဲသွားမည်ဟု သိရသည်။

အာရှ ဖွံဖြိုးရေးဘဏ် ADB အနေဖြင့် လာအို နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ များတို့၌ အလားတူ ကူညီ လုပ်ဆောင် ခဲ့ဖူးသည့် အတွေ့အကြံုများကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ရေအားလျှပ်စစ် ကဲ့သို့သော စွမ်းအင် အရင်းအမြစ်များ ကြွှယ်ဝ ချမ်းသာ သည့် နိုင်ငံဖြစ်ပြီး နိုင်ငံပိုင် စွမ်းအင် အရင်းအမြစ်များကို ရေရှည် အကျိုးရှိရှိ အသုံးချနိုင်ရန် စီမံခန့်ခွဲ နိုင်ခဲ့လျှင် ဖွံ့ဖြိုးရေး အလားအလာ ကောင်းသည့် တိုင်းပြည်တခု ဖြစ်လာနိုင်ပြီး ၎င်းတို့ နော်ဝေးနိုင်ငံ ဆင်းရဲသည့် နိုင်ငံအဖြစ်မှ ရုန်းထွက် နိုင်ခဲ့သည့် သာဓကကို အတုယူသင့်သည်ဟု သံအမတ်ကြီးက သုံးသပ် ပြောကြားသွားခဲ့သည်။

“စွမ်းအင် အရင်းအမြစ်တွေကို ရေရှည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးရှိစေဖို့အတွက် ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲ နိုင်ခဲ့လို့ ကျမတို့ နော်ဝေး နိုင်ငံဟာ ဆင်းရဲတဲ့ တိုင်းပြည် အဖြစ်ကနေ အတန်အသင့် ချမ်းသာတဲ့ တိုင်းပြည် တခု ဖြစ်အောင် ပြောင်းလဲလာနိုင်ခဲ့တာကို ဥပမာပေး ပြောကြား လိုပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် မစ္စကတ်ဂျာ က မဇ္စျိမကို ပြောသည်။

၂ဝဝ၇ မှ ၂ဝဝ၉ ခုနှစ် အထိ ကောက်ယူ ထားသည့် ကမ္ဘာ့ဘဏ်၏ စွမ်းအင် သုံးစွဲမှုဆိုင်ရာ စာရင်း ဇယားများအရ မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှု kWh Per capita ပမာဏမှာ ၂ဝဝ၇ ခုနှစ်၌ ၉၅၊ ၂ဝဝ၈ ခုနှစ်၌ ၉၉ နှင့် ၂ဝဝ၉ ခုနှစ်၌ ၁ဝ၄ အသီးသီး ရှိပြီး တိုးတက်နှုန်း ပြလာခဲ့သည်။

Ms. Katja Christina Nordgaard သည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံ သုံးနိုင်ငံ စလုံး၌ နော်ဝေနိုင်ငံ သံအမတ်အဖြစ် တာဝန်ယူထားသည်။

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကိုမူ အောက်တိုဘာ ၄ ရက်နေ့ တနင်္ဂနွေနေ့က  ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်နိုင် ခဲ့ပြီး ဖြစ်သည်။