ထိန်းသိမ်းခံ ဆိုင်ကယ်များမှ ဆိုင်ကယ်ပစ္စည်းအချို့ ပျက်စီး၊ ပျောက်ဆုံး

ထိန်းသိမ်းခံ ဆိုင်ကယ်များမှ ဆိုင်ကယ်ပစ္စည်းအချို့ ပျက်စီး၊ ပျောက်ဆုံး
by -
ကန္တာရဝတီတိုင်း(မ်)

ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင် မရှိလို့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်က ဆိုင်ကယ်တွေကို ပိုင်ရှင်တွေက ပြန်လည်ရွေးယူ လာတဲ့ အချိန်မှာ ဆိုင်ကယ်ပေါ်ရှိ ပစ္စည်းအချို့ ပျက်စီး ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

ထိန်းသိမ်းခံ ဆိုင်ကယ်များမှ ဆိုင်ကယ်ပစ္စည်းအချို့ ပျက်စီး၊ ပျောက်ဆုံး
“သူတို့ ဆိုင်ကယ်သွားရွေးတဲ့ချိန်မှာ ဆိုင်ကယ်ပျက်တာတော့.. ရှိတယ်ပေါ့နော.. ဥပမာ တချို့ဆိုင်ကယ်ဆိုရင် သူတို့သော့ပျက်သွားတာ ရှိတယ်ပြီးတော့ တချို့ ဓါတ်ဆီအပြည့် ထည့်ထားတဲ့ ဆိုင်ကယ်တွေဆိုရင် ဓါတ်ဆီမရှိတော့ဘူး အဲမျိုးပေါ့။ တချို့ဆိုရင် မောင်းပြန်ဖို့တောင်မှ ဓါတ်ဆီက မရှိတော့ဘူး အဲ့လိုမျိုးဖြစ်နေတယ်လေ။“ လို့ လွိုင်ကော် ဒေသခံတဦးက ပြောပြခဲ့ပါတယ်။

 ပြည်နယ်အစိုးရအမိန့်နဲ့ လွိုင်ကော်မြို့ပေါ် လိုင်စင်မဲ့ စီးနင်းသူတွေကို ယာဉ်ထိန်းရဲတွေကနေ ဖမ်းဆီးစစ်ဆေးပြီးတဲ့ နောက်မှာ ဆိုင်ကယ်တွေကို ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ ထိန်းသိမ်းထားတဲ့ ဆိုင်ကယ်တွေကို ကျသင့်ငွေဖြင့် ပြန်ရွေး ရပါတယ်။

ပိုင်ရှင်များမှ ဆိုင်ကယ်ပြန်ရွေးယူရန် စောင့်ဆိုင်းနေကြစဉ် (ဓါတ်ပုံ - ကေတီ)

ပိုင်ရှင်တွေက မိမိဆိုင်ကယ်ကို ပြန်လည်ရွေး ယူရာမျာ ဒဏ်ကြေးငွေ အနည်းဆုံး ကျပ် ၂ သောင်းပေးဆောင် ရတဲ့ အပြင် ဆိုင်ကယ်ပေါ်ရှိ ပစ္စည်းအချို့ ပျက်စီးပျောက် ဆုံးတဲ့ အပေါ်မှာလည်း အာဏာပိုင်တွေကို မပြောဆိုရဲကြကြောင်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ရတဲ့ လွိုင်ကော်မြို့ပေါ်မှ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ထိုကဲ့သို့ စစ်ဆေးအရေးယူတဲ့ နေရာမှာ ယာဉ်ထိန်း ရဲ တချို့က ကျေးလက်တောရွာမှ မြို့ပေါ်သို့ တက်လာတဲ့ သူတွေကို ဆိုင်ကယ်များ ညစ်ပတ်ခြင်း၊ နောက်ခြေနင်းများ ချထားခြင်း စတဲ့ ယာဉ်စည်းကမ်းနဲ့ မသက်ဆိုင်တဲ့ အချက်တွေနဲ့ ဖမ်းဆီးအရေးယူတာလည်း ရှိတယ်လို့ သိရပါတယ်။

အခုလို လွိုင်ကော်မြို့တွင်းမှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေနဲ့ စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှု စစ်ဆေးတဲ့ စီမံချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ကစတင်ခဲ့တာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့မှ ဒေသခံ အမျိုးသမီတဦးက “သူတို့ဘယ်ချိန်က စဖမ်းလည်းဆိုရင် ပြီးခဲ့တဲ့လကစဖမ်းတယ်။ ပြီးခဲ့တဲ့လမှာပဲ စဖမ်းတယ်  ပြီးတော့ အစမှာဆိုရင် သူတို့ အများကြီး ဖမ်းရတာပဲလေ။ နောက်ပိုင်းမှာ သူတို့လိုင်စင်တွေ ဘာတွေလုပ်ပြီးတော့ ။ ဥပမာ မောင်းလိုင်စင် မရှိတဲ့လူတွေဆို သူတို့မစစ်ဘူးပေါ့။ ဒါပေမဲ့အခု သူတို့လုပ်ပေးပြီးပြီဆိုတော့ သူတို့ပြန်စစ်နေပြီ။”  လို့ ဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းသူများ အတွက် ထုတ်ပြန်ထားသော စည်းကမ်းများမှာ

၁။ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၊ မေးသိုင်းကြိုးတပ်ရမည်။

၂။ လက်ကိုင်ကို လက်နှစ်ဘက်ဖြင့်ကိုင်၍စီးရမည်။

၃။ နောက်ကြည့်မှန်တပ်ဆင်ရမည်။

၄။ အချက်ပြမီးကို မကွေ့မီ ပေ(၁၀၀) မှ ကြိုတင်ပြရမည်။

၅။ ညဘက်စီးလျှင် မျက်နှာဆိုင်မှ လာသူ မျက်စိမစူးရန် မီးအလင်းရောင် နှိမ်ပေးရမည်။

၆။ လူစီးထိုင်ခုံတွင် ၁ ဦးထက်ပိုမတင်ရ။

၇။ အဝတ်အစားများ အန္တရာယ်ဖြစ်လောက်အောင် ပျံ့လွင့်ခြင်း မရှိရ။

၈။ စက်သံဆူညံအောင် မစီးရ။

၉။ ပစ္စည်းတင်လျှင် ထိုင်ခုံ၏နောက်သို့ ၁ပေ ဘေးသို့ ၆လက်မ စီထက်ပို၍ အစွန်းမထွက်ရ။