KIO ပြည်သူ့စစ် ပစ်ခတ်မှု အစိုးရတပ်ဖွဲ့ဝင် တဦးသေ

KIO ပြည်သူ့စစ် ပစ်ခတ်မှု အစိုးရတပ်ဖွဲ့ဝင် တဦးသေ
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ဆယ်မိုင်အတွင်းရှိ မြန်မာအစိုးရ အခြေချထား သည့် အောင်ဂျာယန် (Awng Ja Yang) တပ်စခန်းကို နိုဝင်ဘာ ၆ ရက် အင်္ဂါနေ့က MHH ခေါ် KIO လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း သိရသည်။

ကေအိုင်အို MHH အရပ်သားတပ်ဖွဲ့ဝင် တစ်ဦး။
မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ သွားသည့်လမ်းတွင် နေရာယူထားသည့် အစိုးရတပ်ဖွဲ့အား KIO/ KIA တပ်မဟာ (၅) တပ်ရင်း (၁၈) လက်အောက်ခံ ပြည်သူ့စစ်များက ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။

“စခန်းကို သွားပစ်တယ်။ ကျွန်တော်တို့က အပြင်ကနေကြည့်ပြီး ခိုးပစ်လိုက်တာ။ ဒဏ်ရာရတာတော့ အတိအကျမသိဘူး။” ဟု အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

နမ့်ဆန်ယန် (Nam San Yang) တံတားအနီးရှိ ထိုအစိုးရစခန်းတွင် အင်အား ရ၀ ကျော်ရှိပြီး တပ်သားများ သည် စခန်းအတွင်းမှအပြင်သို့ လှုပ်ရှားလာချိန်တွင် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ည ၁၁ နာရီခွဲ အချိန်ခန့်တွင် ဒေါ့ဖုန်းယန်မြို့ အခြေစိုက် မြန်မာအစိုးရ ခြေလျင်တပ်ရင်း ခလရ (၁၄၂) တပ်မှ KIA စခန်းဖက်သို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ KIA ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ လဂျားယန် (Laja Yang) ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

အဆိုပါ အောင်ဂျာယန် (Awng Ja Yang) ကျေးရွာရှိ ဒေသခံများသည် စစ်ပွဲစတင်ဖြစ်ပွားလာချိန်မှစ၍ လိုင်ဇာ ဗဟိုဌာနချုပ် ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံလျက်ရှိကြောင်းသိရသည်။

Most read this week