ရွှေတြိဂံဒေသ မူးယစ်ရာဇာစိုင်းနော်ခမ်းအား တရုတ်အစိုးရက သေဒဏ်ချ

ရွှေတြိဂံဒေသ မူးယစ်ရာဇာစိုင်းနော်ခမ်းအား တရုတ်အစိုးရက သေဒဏ်ချ
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ် ကူမင်းမြို့တော်တရားရုံး၌ အမှုရင်ဆိုင်နေရသော သျှမ်းပြည်သား ရွှေတြိဂံဒေသ မူးယစ်ရာဇာစိုင်းနော်ခမ်းအား တရုတ်အစိုးရက သေဒဏ် ပြစ်ဒဏ်စီရင်ချက် ချလိုက်ပြီဖြစ်ကြောင်း တရုတ် သတင်းဌာနများကသတင်းထုတ်လွှင့်လိုက်ပါသည်။

ကူမင်းမြို့တော်တရားရုံး၌ အမှုရင်ဆိုင်နေရသော စိုင်းနော်ခမ်းနှင့်အဖွဲ့
တရုတ်နိုင်ငံ ကူမင်းတရားရုံး၌ အမှုရင်ဆိုင်နေသည့် ၆ ဦးစလုံး ပြစ်ဒဏ်ချမှတ်ခံရပြီးဖြစ်ရာ စိုင်းနော်ခမ်း၊ ဆန်ခမ်း၊ ယီလိုင်း နှင့် ဂျဆီးကား တို့မှာ သေဒဏ် ၊  လားဟူအမျိုးသား၂ ယောက်အနက် ဂျပိုးမှာ (သေဒဏ် သို့သော် အယူခံဝင်  စောင့်ဆိုင်းရ) ဂျထူးပိုးမှာ ထောင်ဒဏ် ၈ နှစ် စသည့်ပြစ်ဒဏ်များ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှု နှင့်လူသတ်မှု စသည့်အမှုများဖြစ်ကြောင်း တရားရုံးကပြောသည်ဟု တရုတ် သတင်းများ၌ ဖော်ပြထားသည်။ ထို့အပြင် စိုင်းနော်ခမ်းအား သေဆုံးသူ တရုတ်သင်္ဘောသား ၁၃ ဦး၏ မိသားစု ဝင်များအတွက် တရုတ် ယွမ်ငွေ ၆ သန်း(အမေရိကန်ဒေါ်လာ ၉ သိန်းကျော်) လျော်ကြေးပေးရန် တရားရုံး ချမှတ်ခဲ့ကြောင်းလည်း chinadaily.com  သတင်းကဖော်ပြထားသည်။

စက်တင်္ဘာ ၂၀ - ၂၁ အထိ နှစ်ရက်ဆက်တိုက် တရုတ်နိုင်ငံယူနန်ပြည်နယ် (ကူမင်း) ခွန်းမင်မြို့တရားရုံး၌  စိုင်းနော်ခမ်း အဖွဲ့ ရုံးတင်စစ်ဆေးခြင်းခံခဲ့ရသည်။

“စိုင်းဆန်ခမ်းက ထိုင်းကသျှမ်း၊ ဒါပေမယ့် သူက လားဟူမျိုးရိုးနာမည်ကိုယူထားတာ။ နောက်ဂျဘိုး နဲ့ ဂျထိုးဘိုးက မြန်မာ ပြည်သား၊ သျှမ်းပြည်ကပေါ့၊ ဂျဆီးကားက ထိုင်း/လောဝ်(လာအို)က၊ ဆန်ခမ်း ဂျဆာ ကလဲ ထိုင်း/လောဝ် ဘဲ။ ယီလိုင် ကတော့ တိုင်းပြည်မဲ့လို့ပြောတယ်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က စဝ်ခင်းဆာယီ ကပြောပါသည်။

စိုင်းနော်ခမ်းအမှုအား ရှေ့နေလိုက်ပေးရသော တရုတ်အမျိုးသမီး လင်လီကလည်း စိုင်းနော်ခမ်းနှင့် ၃ ကြိမ် တွေ့ခွင့်ရ ခဲ့ကြောင်း၊ မိမိနှင့်တွေ့စဉ် စိုင်းနော်ခမ်းမှာ တခါတရံ ငေးငိုင်နေသည်ကိုတွေ့ရကြောင်း တရုတ်သတင်းဌာနအား သူမကပြောကြား သည်။

သို့သော် တရုတ် ၁၃ ဦးအား သတ်ဖြတ်ပါသည်ဆိုသည့် စွပ်စွဲချက်သည်လည်း ယနေ့တိုင်ခိုင်လုံသည့် အထောက် အထားကို တရုတ်အစိုးရတို့ မရရှိသေး ဟု ထိုင်းဥပဒေအသိုင်းအဝိုင်းက ဆိုသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော စိုင်းနော်ခမ်းအား ထိုင်းဒု-ဝန်ကြီးချုပ် က ဖမ်းမိန့်ကြေငြာပြီး မကြာခင် (ဧပြီ ၂၅ ရက် ၂၀၁၂ ) လောဝ်နိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသို့ လွဲအပ်ပေးပြီးနောက် စက်တင်္ဘာ လက ခွန်းမင်တရားရုံး၌ ပထမအကြိမ်ရုံးတင် စစ်ဆေးခြင်းခံရသည်။

ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်း(ဟောင်း) တစုက လက် နက်ကိုင်ကာ ပြန်လည်လှုပ်ရှားလာနေကြောင်း ဒေသခံများက ပြောပြပါသည်။

Most read this week