ဂိုးလ်ဒင်းမြန်မာ လေကြောင်းလိုင်းက ပုဂ္ဂလိက ပြည်တွင်း လေကြောင်းလိုင်းသစ်တခုအဖြစ် မကြာမီပြေးဆွဲရန် စီစဉ်နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှတဆင့် သိရသည်။
“ဂိုးလ်ဒင်းမြန်မာ လေကြောင်းလိုင်းက ပြည်တွင်း ပုဂ္ဂလိက လေကြောင်လိုင်း ပြေးဆွဲမှုမှာ ရ ခုမြောက် ဖြစ်လာမှာပါ။ ကုမ္ပဏီက အများပိုင် ကုမ္ပဏီအနေနဲ့ လုပ်ကိုင်မှာ ဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောကြား သည်။
အဆိုပါ လေကြောင်းလိုင်းကို ၂ဝ၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင် ပြေးဆွဲမည်ဖြစ်ကာ A – 320 Air Bus လေယာဉ်များဖြင့် ပြေးဆွဲသွားမည်ဟု ဆိုသည်။
“ဒီလေကြောင်းလိုင်းကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေထဲက ဦးခင်မောင်အေးနဲ့ MAI လေကြောင်းလိုင်းကို လုပ်ကိုင်ခဲ့ဖူးတဲ့ ဦးအောင်ကြည် တို့က ဦးဆောင် လုပ်ကိုင်မှာပါ” ဟု ပုဂ္ဂလိက လေကြောင်းလိုင်းလုပ်ကိုင်သူများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောသည်။
အဆိုပါ လေကြောင်းလိုင်းအတွက် လေယာဉ်ပျံသစ်များကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တစီးနှင့် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ရီလတွင် တစီး ရောက်ရှိလာမည်ဟု ဆိုသည်။
“ဂိုးဒင်းမြန်မာလေကြောင်းလိုင်းက ပြေးဆွဲခွင့် ကျပြီးသားပါ။ အရင်က ဥရောပဘက် ပြေးဆွဲဖို့ပါ တင်ပြထားတာ တွေ့ရပါတယ်။ လောလောဆယ် လေယာဉ် မရောက်သေးတာကလွဲရင် ရုံးပိုင်းဆိုင်ရာတွေ လည်ပတ်လုပ်ကိုင်နေ ပါပြီ” ဟု လေကြောင်းလိုင်း ဖွံ့ဖြိုးရေးနှင့် သူတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက လေကြောင်းလိုင်းများအဖြစ် MAI ၊ Air Bangan ၊ Air Mandalay ၊ Asian Wings ၊ Air KBZ နှင့် Yangon Airways တို့မှ လေယာဉ် ၂၉ စင်းဖြင့် ပြေးဆွဲနေပြီး နောက်ထပ် လေယာဉ် ၅ စင်း ထပ်မံတိုးချဲ့ သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
တချိန်တည်းတွင် ရန်ကုန်မြို့နှင့် ဂျာမနီနိုင်ငံ ဖရန်ဖန့်မြို့Frankfurt သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမည့် လေကြောင်းလိုင်းအသစ်တခုကို နိုဝင်ဘာလ ရ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောဆိုသည်။
“မြန်မာနိုင်ငံကို ပြေးဆွဲတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေထဲက လိုင်း ၂ဝ မြောက် ဖြစ်လာတဲ့ Condor Airline က နိုဝင်ဘာ ရ ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့ကို ပထမဆုံး စတင်ဆိုက်ရောက်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ယခင်က မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်း ပြေးဆွဲလျက်ရှိပြီး လတ်တလော ပြေးဆွဲလာမည့် လေကြောင်းလိုင်းများမှာ ကိုရီးယား လေကြောင်းလိုင်း၊ ကာတာ လေကြောင်းလိုင်း၊ တရုတ် (တိုင်ပေ) လေကြောင်း လိုင်း၊ All Nippon Air Line စသည်ဖြင့် နိုင်ငံတကာလေကြောင်းလိုင်း ၁၉ လိုင်းမှာ အောက်တိုဘာလအတွင်း ပြေးဆွဲခဲ့ပြီး ဖြစ်သည်။
ထို့အပြင် “နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့ ဟောင်ကောင်အခြေစိုက် ဒရက်ကွန်အဲယားလိုင်း၊ စင်္ကာပူအဲယားလိုင်း နဲ့ Trans Asia Airway နောက်ထပ် သုံးလိုင်းကိုလည်း မြန်မာနိုင်ငံအနေနဲ့ ပြေးဆွဲဖို့ ခွင့်ပြုပေးပြီး ဖြစ်ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ထပ်မံပြောဆိုသည်။