ဒီဂေဟာလေးထဲကို ဝင်လိုက်တာနဲ့ သီးပင်စားပင်တွေရယ်၊ ပြေးလွှား ဆော့ကစားနေတဲ့ အရွယ်စုံ ကလေးတွေရယ်၊ ဆောက်လက်စ အဆောင်ငယ် တခုရယ်ကို တွေ့ရပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်က တမူးမြို့မှာရှိတဲ့ ‘ဆိုဖီယာ’ လို့ခေါ်တဲ့ မိဘမဲ့ ကလေးဂေဟာလေးမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကတော့ အမြဲလိုအပ်နေတာပါ။
“ကလေးတွေမှာ ငှက်ဖျားရောဂါအခံ ဖြစ်တာ များတယ်။ တချို့က တီဘီရောဂါ။ ကလေးတယောက်ဆို HIV positive” လို့ ဂေဟာလေး ဖွင့်လှစ်ထားသူ ဆရာဦးထွန်း က ဆိုပါတယ်။
ဒီဂေဟာလေးကို ၂ဝဝ၃ ခုနှစ်မှာ ဆရာဦးထွန်း နဲ့ ဇနီး ဒေါ်ငိုက်ပီး တို့က မိဘမဲ့ ကလေး လေးယောက်နဲ့ စတင် တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ခုဆိုရင် ဒီဂေဟာလေးမှာ ကလေး ၅၃ ယောက်ကျော် ရှိပြီး ယောက်ျားလေး ၃၁ ယောက်နဲ့ မိန်းကလေး ၂၁ ယောက်ကို စောင့်ရှောက်ထားနိုင်ပေမယ့် ဒီဂေဟာလေး အနေနဲ့ တရားဝင် မှတ်ပုံတင်တော့ မရသေးဘူးလို့ ဆရာဦးထွန်း က ပြောပါတယ်။
အချိန်ပိုင်းအနေနဲ့ ကူညီပေးတဲ့ ဆေးကုခန်းရှိပေမယ့် နာတာရှည် ရောဂါတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုက အမြဲလိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကာယပိုင်းဆိုင်ရာ လေ့လာမှုအနေနဲ့ လစဉ် အရပ်တို်င်းပေးတာ ရှိတယ်၊ နေထိုင်မကောင်း ဖြစ်တဲ့ ကလေးတွေကိုတော့ ဆေးခန်းပို့တာပဲ။ ကလေးတွေထဲက ထူးချွန်တဲ့သူရှိရင် သူနာပြုသင်တန်း ပို့ရမယ်” လို့ ဦးထွန်း က ဆန္ဒရှိနေပါတယ်။
ဂေဟာရဲ့ စေတနာ့ဝန်ထမ်း သုံးဦးက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ မူဆလင် ရယ်လို့ ဖြစ်နေကြပေမယ့် ဆရာဦးထွန်း ကိုးကွယ်တဲ့ ခရစ်ယာန် ဆုတောင်းကိုတော့ လိုက်ဆိုကြပါတယ်။
ကလေးတွေရဲ့ ပညာရေးအတွက် အစိုးရကျောင်းတွေမှာ ထားပေးပြီး တက္ကသိုလ် ဖြေကြားနေတဲ့သူ အထိတောင် ရှိပါသေးတယ်။
ဂေဟာရဲ့ စားသောက်စရိတ်ကိုလည်း အမြဲထောက်ပံ့သူရယ်လို့ မရှိပေမယ့် တချို့ ရပ်ဝေးကနေ လာလှူတာမျိုး ရှိတယ်လို့ သိရပါတယ်။
“သံရုံးကနေလည်း အရင်လတွေက ထောက်ပံ့မှုတွေ ရှိဖူးပေမယ့် နောက်ပိုင်းတော့ လာမလှူဖြစ်ကြပြန်ဘူး။ အရင်က အလှူခံတာမျိုး လုပ်ခဲ့ဖူးပေမယ့် လုပ်ငန်းကို ဗန်းပြပြီး အမြင်တမျိုးတွေ ရှိလာတဲ့အတွက် အလှူမခံဖြစ်တော့ဘဲ လာလှူတဲ့သူရှိမှ လက်ခံလိုက်တော့တယ်” ဟု ဆရာဦးထွန်း က ရှင်းပြပါတယ်။
စားသောက်စရိတ်က တနေ့ကို ဆန်တတင်း၊ တလဆို တင်း ၃ဝ လောက်မို့ တလမှာ ၆ သိန်းနဲ့ ရ သိန်းကြား အကုန်အကျရှိပါတယ်။
ခြံထဲမှာတော့ စားပင် သီးပင်တွေဖြစ်တဲ့ ပီလောပီနံ၊ နာနတ်၊ သရက်၊ လိုက်ချီး စတာတွေ စိုက်ပျိုးထားပြီး တဘက်က ဝင်ငွေရအောင် ရှာတယ်လို့လည်း သိရပါတယ်။
လူမျိုးစုံ၊ အရွယ် ကလေးငယ်တွေဟာ လက်ရှိ အဆောင်ငယ်လေးထဲမှာပဲ နားနေ၊ ကစားနေကြတာကို တွေ့ရပါတယ်။
“တနှစ်ကျော် အရွယ်က စပြီး လက်ခံပါတယ်။ အရမ်းကြီးတဲ့ ကလေးဆိုလည်း လက်မခံချင်ဘူး။ ခုဆို နောက်ထပ် ကလေးလက်ခံတာကို လောလောဆယ် ရပ်နားထားရတယ်။ ထားစရာ အဆောင် ကလည်း မရှိသေးဘူးလေ” ဆိုတာကလည်း ဦးထွန်းရဲ့ အခက်အခဲ တခုပါ။
တချို့လည်း မိဘကွယ်လွန်သွားလို့၊ တချို့လည်း မိဘရှိလျက်နဲ့ အဆင်မပြေလို့ စသဖြင့် ခိုလှုံရာ မဲ့နေရှာသူတွေ လေး အတွက်တော့ ဒီ ‘ဆိုဖီယာ’ ဂေဟာလေးဟာ အားကိုးစရာတခုအဖြစ် ကြံ့ကြံ့ခံနေဆဲပါ။ ။