ငယ်ငယ်တုန်းကဆိုရင် အမေက ကတော့ပုံစံ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိတယ်။ မေမေ့ကို မေးတော့ ဒါက ကတော့ပုံ ပုံစံခွက်လေးပေါ့ သမီးရယ်လို့ အမေက အပြံုးလေးနဲ့ ပြန်ဖြေခဲ့တာပေ့ါ။
ငယ်ငယ်တုန်းကဆိုရင် အမေက ကတော့ပုံစံ မုန့်လေးတွေ လုပ်ရောင်းလေ့ရှိတယ်။ မေမေ့ကို မေးတော့ ဒါက ကတော့ပုံ ပုံစံခွက်လေးပေါ့ သမီးရယ်လို့ အမေက အပြံုးလေးနဲ့ ပြန်ဖြေခဲ့တာပေ့ါ။ လူမှန်းသိတက်စ အရွယ်ကတည်းက မေမေက ကိုကြီးကိုဘုရားပွဲရောက်တိုင်း တီရှပ်လှလှလေးနဲ့ ဗုံရုပ် ကလေးတွေ ၀ယ်ပေးလေ့ရှိခဲ့တယ်။ ဖေဖေကတော့ ဘုရားပွဲ မှာရောင်းတဲ့ သေနပ်ရုပ်ကလေးတွေကို ကိုကို့ဖို့ ၀ယ်ပေးနေကြ။
အဲ့လိုဆိုရင် ေဖေဖေနဲ့ မေမေက ဆူးအတွက် ဘာမှဝယ်မပေးဘူးလို့တော့ မထင်လိုက်ကြပါနဲ့။ မေမေက ဆူးအတွက် ဂါ၀န်လှလှလေးတွေ ပြီးတော့ ဖေဖေကဆူးအတွက် ဘိုမရုပ်လေးတွေ ၀ယ်ပေးပါတယ်။ ဆူးတို့အိမ်မှာ ပစ်တိုင်းထောင်ရုပ်၊ ယမင်းရုပ်နဲ့ ဘိုမရုပ် လေးတွေဆိုရင် ဗွီဒိုအပြည့်ပေါ့။ ပွဲစျေးတန်းတွေ ရောက်တိုင်းမှာ ဆူးက စစ်သားရုပ်နဲ့ ပြောက်ကျားဝတ်စုံလေး တစ်စုံ မေမေ့ကို ပူဆာခဲ့ဖူးတယ်။
မေမေက သမီးလေးရယ် အိမ်မှာယမင်းရုပ်လှလှလေးတွေ ဂါ၀န်လှလှလေးတွေရှိနေပါလျက်နဲ့ ပြောက်ကျားဝတ်စုံတို့ စစ်သားရုပ်တို့ ဆိုတာ မိန်းကလေးတွေနဲ့ မသင့်ပါဘူးလို့ ပြောခဲ့ဘူးတယ်။
အဲ့ဒီအချိန်တုန်းက မိန်းကလေးဆိုတာ လူ့လောကမှာ မိန်းကလေးနဲ့ ယောကျာင်္းလေးဆိုပြီး လူနှစ်မျိုးနှစ်စား အတွက် အဝတ်အစားတွေ မတူအောင် ထုတ်ထားပေးပါလား ဆိုတာကလွဲလို့ ဆူးဘာမှ မသိခဲ့ပါဘူး။
မီးကောင်ပေါက်ဆယ်ကျော်သက် အရွယ် ရောက်လာတော့ လှပချင်တဲ့စိတ်တွေဝင်လာသလိုဘဲ ရီစရာတွေ့ရင် ငယ်ငယ်တုန်းက လိုဘဲ ပေါ့ပေါ့ပါးပါး အားပါးတရ ရယ်ပြစ်လိုက်တယ်။ ဒါကိုမေမေက အမြဲသတိပေး လေ့ရှိတယ်။ သမီးရယ် မိန်းကလေးဆိုတာ ရယ်စရာရှိရင် တောင် အပြံုးနဲ့တင် ကျေနပ်ရတယ်ဆိုပြီး “ပိုလ်းတန်ခို ယယွမ့်၊ ပိုလ်းတန်ယွမ့် ဟယ်ဟိုင်လိုင်” ရယ်စရာ ရှိရင် ပြံုးပါ၊ ပြံုစရာတွေ့ရင် တည်တည် လေးနေပါ ဆိုတဲ့ရှမ်းစကားပုံတခုနဲ့ အမြဲနှိုင်းဆပြတယ်လေ။
ဆူးက ငယ်ငယ်လေးကတည်းက ဆိုးတယ်။ ကစားရင်တောင် ကိုကိုတို့ယောကျာင်္းလေး သူငယ်ချင်းတွေနဲ့ဘဲ ကစားချင်တာ။ သူတို့နဲ့ကစားရတာလွတ်လပ်တယ်။ ပေါ့ပါးမှုရှိတယ်လို့ ဆူးကယုံကြည်တယ်လေ။ မီးကောင်ပေါက်အရွယ်ရောက်တော့ မေမေက ကိုကိုတို့သူငယ်ချင်းတွေနဲ့ အတူပေးမကစားတော့ဘူးလေ။ ဆူးပျင်းနေရင် မေမေကရုပ်ပြကာတွန်းလေးတွေ ဖတ်ခိုင်းတယ်။
ပြီးတော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေးတွေ ဗဟုသုတရအောင်ဆိုပြီး အမြဲဖတ်ခိုင်းလေ့ရှိ တယ်။ ဆရာတော်ရေးတဲ့စာအုပ်တွေက ဆူးသိထားမှတ်မိသလောက်ပြောရရင် အမျိုးသမီးတွေနဲ့ပါတ် သက်တဲ့ အကြောင်းအရာတွေ အမျိုးသမီးနဲ့ အမျိုးသား ကွာခြားပုံတွေ ရေးထားတာမှတ်လား။ ပြီးတော့ဆူးက လွတ်လွတ်လပ်လပ်ဝတ်စားရတာကြိုက်တယ်။ ဒါကိုဖေဖေက သမီးရယ် ဘောင်းဘီရှည်တွေ တီရှပ်မဝတ်ရ ဘူးလေ။ အဲ့ဒါယောကျာင်္းလေးဝတ်တွေတဲ့။ ဆူးကဒါတွေဘဲဝတ်ရတာ လွတ်လပ်တယ် တို့ပြောတော့ ဖေဖေက ဆူး ကိုရိုက်တယ်။
သမီးဝတ်ရမှာက စကပ်တွေလုံချည်တွေ အမျိုးသမီး အင်္ကျ ီတွေတဲ့။ လုံချည်ကိုဆူးက ခြေသလုံးတဝက် လောက် ပေါ်အောင် ၀တ်တော့ မေမေကသမီးမိန်းကလေးဆိုတာ လုံချည်ကိုခြေမျက်စေ့တောင်ပေါ်အောင် မဝတ်ရဘူးလို့ ဆူးကိုဆုံးမလေ့ရှိတယ်။
ဆူးတို့အိမ်က ၀ါးကြမ်းခင်းလေးပဲ ခင်းထားတာဆိုတော့ ခြေလှမ်းတလှမ်းလှမ်းတိုင်းမှာ ကြမ်းခင်းအသံက “ကလက်ပ်(လ်)၊ ကလက်ပ်(လ်)” ဆိုပြီး တကျွှက်ကျွှက် အသံမြည်တော့ မေမေကသမီးရယ် မိန်းကလေး ဆိုတာ လှမ်းလျှေက်ရင် ခြေသံတိုးတိုးလေး ထားပြီး လျှောက်ရတယ်တဲ့။
ပြီးတော့အိမ်မှုကိစ္စတွေကို အစစအရာရာ တက်မြောက်ထားမယ်။ ငရုပ်သီးထောင်းရင်တောင် အစေ့လေး တွေကို ညှက်နေအောင်ထောင်းမှ မိန်းကလေးပီသတယ်လို့ ဆယ်ကျော်သက်အရွယ်တုန်းက မေမေပြော တာကို ဆူးခုထိမှတ်မိနေပါသေးတယ်။
ဆူး (၇) တန်းရောက်တော့ ကိုကိုက (၈) တန်းကျောင်းသားကြီးဖြစ်လို့။ ဆူးမှာ ဆူးထက် ငါးနှစ်လောက် ငယ်တဲ့ ညီမလေး တစ်ယောက်ရှိသေးတယ်။ ဆူး (၇) တန်းတက်တဲ့နှစ်မှာ မေမေအသည်းအတန်ဖြစ်လို့ ဆေးရုံ တင်လိုက်ရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ ပိုက်ဆံသွားရှာတယ်။ ဟိုးအဝေးကြီးမှာဆိုတော့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တာပေါ့။
စာမလာ သတင်းမကြားတာလဲ ၄လလောက်ရှိလောက်ပါရဲ့။ နောက်ဆုံး ဦးဇင်းတပါးရဲ့ အကူအညီနဲ့ ဖေဖေ့ဆီက အဆက်အသွယ်ရတယ်။ မေမေဆေးရုံတတ်နေရတယ် ဆိုတဲ့သတင်းကြားကြားခြင်း ဖေဖေ လည်း အမြန်ပြန်လာခဲ့တာပေါ့လေ။
ဖေ့ဖေ့ကိုဆက်သွယ်မရတဲ့အကြောင်းရင်းကတော့ လူကြံုမရှိတာရယ် အလုပ်အကိုင် အဆင်မပြေတာရယ် ကြောင့်လို့ ဖေဖေပြန်ပြောပြမှ သိရတာပေါ့။ ဖေဖေကအိမ်စားဝတ်နေရေးအတွက် အလုပ် တဖက်နဲ့မို့ မေမေနဲ့ညီမလေးကို အနီးကပ်ပြုစုဖို့က လူလိုလာပြီလေ။ ကိုကြီးက ဒီတာဝန်ကို သူယူပါရစေလို့ပြောတော့ မေမေကသားကသားဦး၊ သားကြီးတဲ့။
သားကြီးလာလို့ အိမ်ထောင်ကျလာရင် သားရဲ့မိန်းမကို သားကဘဲဦးဆောင် ဦးရွက်ရမှာမို့ သားကျောင်း ထွက်လို့ မဖြစ်ဘူးဆိုပြီး ဆူးကိုကျောင်းကထုတ်ပြီး အိမ်မှုကိစ္စအဝဝနဲ့ မေမေ့ကိုပြုစုဖို့ ညီမလေးကိုထိန်း ကျောင်းဖို့ တာဝန်တွေအားလုံးဟာ ဆူးလက်ထဲကိုရောက်လာတာပေါ့။
ဒါပေမဲ့ အကြွေးတွေက လည်ပင်းထိနှစ်နေလေတော့ ကိုကြီးလည်း (၈) တန်းအောင်ပြီးတာနဲ့ ကျောင်း ဆက်တက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ ဘူးလေ။ ညီမလေးကလည်းချူခြာ မေမေကလဲ ကျန်းမာရေး မကောင်း ဒီကြားထဲမှာ ဖေဖေကလည်း ပေါ်တာ ခနခန လိုက်ရသေးတယ်။
အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဆူး - နယ်စပ်ရွာလေးတရွာကို ဖေဖေနဲ့မေမေတို့မသိအောင် ခိုးထွက်လာခဲ့တယ်။ လူတွေကတော့ ဆူး ကိုသူပုန်တွေနဲ့လိုက်ပြေးသွားတယ်။ သူကသူပုန်လုပ်မှာတဲ့ လို့အမျိုးမျိုး ဝေဖန် ကြတာပေါ့။
တကယ်တန်းကျတော့ ဆူး - အိမ်အတွက်ဝင်ငွေလေး တဖက်တလှမ်းကရအောင် တောစျေးတန်းမှာ စျေးရောင်းရင်း ဘဝကိုရပ်တည် ခဲ့တာပါ။ တောစျေးတန်းမှာ စျေးရောင်းရင်း သူတို့ပြောတဲ့ သူပုန်ဆိုတဲ့ သူတွေနဲ့ ရင်းနှီးခဲ့တာပေါ့ အမှန်ပေါ့။ အဲ့ကနေ နိုင်ငံရေးဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်မှာ စစ်ယူနီဖောင်း နဲ့ သေနတ်လွယ်ထားတဲ့ စစ်သားတွေ စစ်သမီးတွေကို တွေ့တော့ ဆူးအရမ်းကို အားကျမိတာနဲ့မိဘတွေမသိ အောင် သူတို့နောက်ကို တိတ်တိတ်ကလေးလိုက်ခဲ့တာပေါ့။
အဲ့ဒီတုန်းက ဆူးအသက် ၁၃-၁၄ နှစ်လောက်ဘဲရှိသေးတယ်လေ။ ဆူးမိဘတွေ ပြောပြထားတာကတော့ ပြောက်ကျား ၀တ်စုံတွေ စစ်သေနတ်တွေဆိုတာ ယောကျာင်္းလေးတွေနဲ့ ဆိုင်တဲ့ပစ္စည်းတဲ့။ ဒါပေမဲ့ခုတော့ ပြောက်ကျား စစ်ယူနီဖောင်းနဲ့ စစ်သေနတ်တွေကိုင်နေတဲ့ မိန်းမလေးတွေကို တွေ့တော့ဆူးအားကျမိတာပေါ့။
မိဘတွေက ဆူးကိုပြန်လိုက်ခေါ်ကြပေမဲ့ ဆူးမသိ လိုက်ရပါဘူး။ သူပုန်စစ်ဗိုလ်တချို့က ဆူးကိုသမီးလးလို သဘောထားကြတယ်။ အလိုလိုက်ကြတယ်။ သူတို့တွေက ဆူးကိုသူတို့နဲ့တောထဲမှာ မနေဖို့ကျောင်း ပြန်တက်ဖို့ အမျိုးမျိုး တိုက်တွန်းနေတဲ့ကြားက သူပုန်တွေကြားထဲမှာ နှစ်နှစ်လောက်တောထဲမှာတောရိုင်း ပန်း လေးတွေရယ် ပြီးတော့ ကျေးငှက်တွန်သံတွေကြားမှာ ဆူး ပျော်နေခဲ့ မိတာပေါ့။
နောက်တော့ ဆူးကို ဒုက္ခသည်စခန်းတခုကို တခြားဒုက္ခသည်တွေနဲ့ ပို့ဆောင်ခဲ့တယ်။ ဆူးကို စခန်းထဲမှာရှိတဲ့ လူကြီးတွေက တခြားလူတွေ ကလေးတွေထက်ပိုပြီး ဂရုစိုက်ကြတယ်။ ဒါလည်းသူတို့ အချိတ်ဆက်နဲ့ သူတို့ရှိခဲ့ကြတယ်ဆိုတာကို အရွယ်ရောက်လာမှ ဆူး သိလိုက်ရပါတယ်။ ဆူးကိုမိဘမဲ့ဘော်ဒါဆောင် တခုမှာအပ်ပေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကတော့ မိဘမဲ့ကလေးလို့ပြောရင် ဆူး အရမ်းဝမ်းနဲတာပေါ့။
ကျောင်းပြန်တက်တော့ မေမေတို့နဲ့နေခဲ့တဲ့အချိန်တုန်းကလိုဘဲ လုံချည်ကို သေသပ်ချပ်ရပ်စွာ ခြေသလုံးမ ပေါ်အောင် ၀တ်လေ့ရှိ တယ်လေ။ ကျောင်းသူ/သားနဲ့ ကျောင်းဆရာ/မ တွေက ဆူးကို မိန်းမပီသတယ်ဆိုပြီး ချီးကျူးလို့မဆုံးပါဘူး။ သူတို့ကဆူးကို စံပြဆုချီးမြင့်ကြတယ်။ ဆူးစိတ်ထဲမှာ ဘာမှမရှိပါဘူး။
မေမေပြောခဲ့တဲ့ မိန်းကလေးဆိုတာ ဆိုတဲ့အတွေးတွေဘဲရှိတာလေ။ အခန်းထဲကကျောင်းသူမ တွေရီစရာ တွေ့ရင် လွတ်လွတ်လပ်လပ် ရယ်ကြတာကိုကြည့်ပြီး ဆူး ရှက်နေမိတာတော့ အမှန်ဘဲလေ။
ဘာလို့လဲဆိုတော့ အမေက ပြောဘူးတယ်မှတ်လား မိန်းကလေးဆိုတာ အဲ့လိုမရယ်ရဘူးလို့။ ပြီးတော့အဲ့မှာ ရှိတဲ့ မိန်မလေးတွေက စကပ်တို (ဒူးလောက်ရှိသောစကပ်) လုံချည်ဆိုလဲ ခြေတလုံးတွေထင်းနေအောင် ပေါ်အောင်ဝတ်ပြီး လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားကြတာလေ။
ဆူးမေမေဆိုရင် ဆူးကို အေစကပ်လိုအရှည်မျိုးတွေဘဲ ၀တ်ခွင့်ပြုထားတော့ ဆူး အကျင့် ဖြစ် နေပြီလေ။ ပြီးတော့ ငယ်ငယ်လေး တည်းက မညပ်ဘဲထားတဲ့ဆံပင်တွေဆိုရင် ခါးလယ်လောက်ရောက်နေပြီပေါ့။ ကျောင်းမှာဆိုရင် ဆူးကဆံပင် အရှည်ဆုံး ဘဲလေ။ ကျောင်းတက်နေရင်း ဆူးကို စိန်ခေါ်မှုတခုပေးခဲ့တယ်။
ခပ်ရိုင်းရိုင်း ကျောင်းသားတစ်ယောက်က ဆူးကိုရည်းစားစကား ပြောတော့ဆူးကဒါတွေစိတ်မဝင်စားဘူး လို့သူ့ကို အပြတ်ငြင်း လိုက်တော့ သူဘာပြောတယ်သိလား။ မင်း-ဘယ်တော့မှ (၁၀) တန်းအောင်မှာ မဟုတ်ဘူးတဲ့။
အဲ့ဒီတုန်းက အဲ့ဒီအခြေအနေ နဲ့ဆိုရင် ဟုတ်တယ်ဆူး (၁၀) တန်း ကိုအောင်မှာမဟုတ်ဘူး။ သူတို့တွေက အင်္ဂလိပ်စာ အရမ်းကောင်းကြတာလေ။ ၈ တန်းကျောင်းသူ၊သားဘဝတည်းက အင်္ဂလိပ်စာ အင်္ဂလိပ်စကား ဆိုရင် ကောင်းကောင်းပြောဆိုနိုင်ကြပြီ။ ဆူးမှာ သူများတွေပြောနေကြတဲ့ I Love You ဆိုတဲ့ စာသားလေး ကိုတောင် နားမလည်လို့
တခြားသူတွေကို မေးတော့ ဆူး ရည်းစားစာအပေးခံရတဲ့အကြောင်း တကျောင်းလုံး သိသွားပြီး ဆူးရဲ့အရည် အချင်းလဲပေါ်ကုန် တာပေါ့။ ဆူးဖြင့် ရှက်လိုက်တာ။ ရှက်စိတ်တွေရယ် မခံချင်စိတ်တွေပေါင်းပြီး ဆူး (၁၀) တန်းကျောင်းကို ဒုတိယဆုရပြီး အောင်မြင် ခဲ့တယ်။ နောက်ပညာတော်သင်ဆု တဆုကို ဆူး လျှောက်ခဲ့ တယ်။
ဒါကဆူးဘဝရဲ့ပထမဆုံး ၀တ်စားဆင်ယင်မှုကိုပြောင်း ပစ်လိုက် တာဘဲပေါ့။ ပညာတော်သင်ဆုရတော့ ဒေါ်လေးတယောက် ကပြောတယ်။ ဆံပင်တွေကို ညှပ်ပြစ်ရမယ်တဲ့။ ပြီးတော့ သူများတွေလိုမျိုး စကပ်လေးတွေ စတိုင်ဘောင်ဘီတွေဝတ်တက်အောင် သင်ပေးခဲ့တယ်။
ဆူးကို ပညာတော် သင်တဲ့ကျောင်းသားတွေကြားမှာ ခေတ်နောက်မကျစေချင်ဘူးတဲ့လေ။ ဟုတ်လဲ ဟုတ်တယ်။ ဆူးပညာတော်သင်သွားတော့ လူတွေကအရမ်းကိုခေတ်မှီလိုက်ကြတာ။ ၀တ်တာစားတာ နေတာထိုင်တာ အားလုံးအား လုံးပါဘဲ။ ဆူး တို့နဲ့များ ကွာပ။
ဖုန်း၊ အီးမေးလ်၊ အင်တာနက် ကွန်ပြူတာ ဓါတ်လှေကားတွေ ဆိုတာဆူးအတွက် တခြားကမ္ဘာတခုလို အသစ် တွေပေါ့။ ဆူးပညာတော်သင်ကနေပြန်ရောက်တော့ ဆူးဝတ်စားဆင်ယင်မှုက အရာရာအားလုံး ပြောင်းလဲ ကုန်ပြီလေ။
အမေဆင်ခဲ့တဲ့ အေစကပ်ရှည်ရှည်လေးတွေအစား စကပ်တိုလေးတွေနေရာယူပြီး အမေပေးခဲ့တဲ့ ဆံနွယ်ရှည်ရှည်တွေ အစားရစ်ခွေနေတဲ့ ပုခုံးဝဲပျံဆံစတွေက နေရာယူလို့။
ပြီးတော့ပါးပြင်ပေါ်က သနပ်ခါးပဲကြား ပါးပါးလေးတွေအစား မိတ်ကပ်ပါးပါးလေး တွေကနေရာယူကုန်ပြီ အမေ။ အွန်လှိုင်းတွေထိုင်ရင်း အွန်လှိုင်းပေါ်က ချစ်သူနဲ့ ဆူးအိမ်ထောင် ကျခဲ့တယ်။ ဆူးရဲ့အိမ်ထောင် ဖက်က မေမေပြာတဲ့မိန်းကလေးဆိုတာ ယောကျာင်္းလေးဆိုတာ ဆိုတဲ့အမြင်တွေကိုရိုက်ချိုး ပြစ်ခဲ့တယ်။
မိန်းကလေးဆိုတာ ယောကျာင်္းလေးရဲ့ညာဖက်မှာ မအိပ်ရဘူးတို့ အိမ်မှုကိစ္စအဝဝက မိန်းမလေး တာဝန်တို့ ဆိုတာတွေကို ဆူးရဲ့အမျိုးသားက ရိုက်ချိုးပြစ်ခဲ့တယ်။
အပြင်ဝင်ငွေရတဲ့အလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့သလို အိမ်ထဲအလုပ်တွေကိုလည်း တစ်ယောက်တလှည့် ၀ိုင်းကူပြီး လုပ်ကိုင်ခဲ့ကြတယ်။ အော်… တကယ်တန်းကြတော့ မိန်းကလေးတယောက် ယောကျာင်္းလေး တယောက်ရယ်လို့ အသိုင်းအဝိုင်းက သတ်မှတ်ပေးလိုက်တဲ့ ပုံစံတွေအတိုင်း ဆူး တို့ရဲ့မိဘတွေက သူတို့ရဲ့သား၊သမီးတွေကို ပုံသွင်းယူခဲ့ကြတာပါ။
ဆူး ညအိပ်ရာဝင်တော့ ပုခုံးပေါ်မှာ လက်တင်းရင်း သေချာစဉ်းစားကြည့်တယ်။ တကယ်တန်းကြတော့ လူတိုင်းဟာ သူတို့ကိုသူတို့ ရှေးရိုးဆန်တဲ့ပုံစံခွက်ကြီး ထဲကနေ ရုန်းထွက်ပြီး ခေတ်သစ်ထဲကိုရောက်အောင် ကြိုးစားနေကြပေမဲ့ သူတို့ကိုယ်တိုင် သူတို့မသိတဲ့ ပုံစံခွက်တမျိုးထဲကို ရောက်နေကြတာပါလားလို့။
ကျောင်းဆရာ၊မ တယောက်ကိုကြည့်မလား အချိန်မှန်မှန်အိပ်ရာထ နေ့တိုင်းကျောင်းသွား ဖို့ပြင်၊ စာသင်၊ ကျောင်းသား၊ သူတွေကိုဆုံးမ၊ သင်ရိုးညွန်းတမ်းရေး၊ အိမ်ပြန် ချက်ပြုတ်စားသောက်၊ စာကြည့်(အနားယူ) အိပ်ယာဝင်။ နောက်တနေ့ ကောဘာထူးလာလို့ဘာလိမ့်?။
ရုံးဝန်ထမ်းတစ်ယောက်ကိုကြည့်ဦးစို့ သူ့မှာကော အချိန်မှန်မှန်အိမ်ရာထ ရုံးသွားဖို့ပြင် ရုံးအလုပ်လုပ် အိမ်ပြန်။ စက်ရုံက အလုပ်သမားလား။ သူလဲ အချိန်မှန်မှန်အိပ်ယာထ ချက်ပြုတ် အလုပ်လုပ်ဖို့ပြင် အလုပ်သိမ်းတော့ အိမ်ပြန်။ နောက်နေ့ဖို့ပြင်ဆင်။ အိမ်ဖော်တစ်ယောက်လား။ အတူတူပါဘဲ လေ။
အားလုံးအားလုံးသော လူတွေဟာ မိဘတွေလူ့အသိုင်းအဝိုင်းက သက်မှတ်ထားတဲ့ ပုံစံခွက်ဆိုတဲ့ခွက်က လေးထဲကနေ လွတ်မြောက်နေကြပေမဲ့လည်း သူတို့ကိုယ်တိုင် ပုံစံခွက်လေးထဲကို တဖြေးဖြေးနှစ်တထက်နှစ် နေကြတယ်ဆိုတာ သတိမထားမိကြပါဘူး။
အဲ့သလိုဘဲ ဆူးကို်ယ်တိုင်လည်း မေမေပေးတဲ့ပုံစံခွက်ကလေးထဲကထွက်ပြီး အခြားပုံစံခွက်ထဲကို တနေ့ထက် တနေ့ နှစ်သထက်နှစ် လာနေမိတာကိုလည်း သတိမထားမိပါဘူး။