ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသော (၈၈) မျိုးဆက် ကျောင်းသား များနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များ ဒီမို ကရက်တစ် တပ်ဦး (ABSDF) တို့သည် နိုဝင်ဘာလ (၁၁) ရက်နေ့၌ တွေ့ဆုံ နိုင်ရန် စီစဉ်လျက် ရှိကြောင်း ABSDF မှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ရဲဘော် မျိုးဝင်းမှ ပြောသည်။ သို့သော်တွေ့ဆုံမည့် နေရာကိုမူ ထုတ်ဖော် ပြောဆို နိုင်သေးခြင်း သေးကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌ (၈၈) မျိုးဆက် ကျောင်းသား များနှင့် ABSDF တို့ အလွတ် သဘော တွေ့ဆုံ ခဲ့ကြသည်။
(၈၈) မျိုးဆက် ကျောင်းသားများ၏ ထိုင်းနိုင်ငံ ခရီးစဉ်သို့ ကိုမြအေး၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမေကြည်လွင်၊ မစန်းစန်းမော်၊ မမီးမီး၊ မသဇင်ဝိုင်း တို့ လိုက်ပါ လာကြောင်း သိရသည်။
၄င်းတို့၏ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ဒုက္ခသည် စခန်းများ၊ အမျိုးသမီး သမဂ္ဂများ၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရသည်။