ဒေသခံများ၏ တုတ်ဓါးလက်နက်များ သိမ်းခံရ

ဒေသခံများ၏ တုတ်ဓါးလက်နက်များ သိမ်းခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ လုံခြံုရေး တပ်ဖွဲ့ဝင်များက ဒေသခံများ၏ တုတ်ဓါး  လက်နက်များကို သိမ်းယူသည်ဟု သတင်းရရှိသည်။

ကျေးရွာတချို့တွင် လက်နက်များ သိမ်းယူနေသည့် ကိစ္စနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဥ္စရာသို့ အခုလို ပြောသည်။

“ကျေးရွာတွေမှာ ရှိတဲ့ လက်နက်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေက သိမ်းယူသွားပါတယ်။ ရသေ့တောင်မြို့နယ်မှာ အုပ်စု  ၉၁ ခု ရှိပါတယ်။ အဲဒီရွာတွေ အများစုကနေ သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အာဏာပိုင်များ သိမ်းယူသွားသော လက်နက် အမျိုးအစားများမှာ တချက်ပေါက် (တူမီး) ယမ်းထောင်းများ၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြှား၊ ဂျင်ဂလိ၊ နှင့် ဓါး လှံများဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ သိမ်းယူရာတွင် ထင်းခုတ်ဓါးများက အစ သိမ်းယူသွားသဖြင့် ဒေသခံများအတွက် အခက်အခဲ ဖြစ်ကြသည်ဟု လောင်းချောင်းကျေးရွာသား တဦးက နိရဥ္စရာသို့ ယခုလို ပြောသည်။

“ရဲသားတွေနဲ့ စစ်သားတွေ ရွာကိုလာပြီးတော့ မင်းတို့့မှာ ရှိတဲ့ လက်နက်တွေကို လာအပ်ရမယ်။ မအပ်ရင် ငါတို့ ကိုယ်တိုင် ၀င်ရှာရလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ရွာသားတွေကတော့ အိမ်မှာရှိတဲ့ ငါးသင်၊ ထင်းခုတ်ဖို့ထားတဲ့ ဓါးတွေဘဲ ရှိတယ်။ ဒါကိုလဲ သိမ်းရမယ်ဆိုပြီး အတင်းအဓမ္မ ယူသွားကြတယ်။ တခုခု အရေးကြံု လာရင် ပါးစပ်နဲ့ ကိုက်ရဖို့နည်းလမ်းဘဲ ကျန်တော့တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြံုရေး တပ်ဖွဲ့ ၀င်များထံ အပ်နှံရန် အောက်တိုဘာလ ၃၁ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက ကြေညာပြီး နောက်ပိုင်း အစိုးရ အာဏာပိုင်များက လိုက်လံသိမ်းဆည်းခြင်း ဖြစ်သည်။

ယခုအခါ အာဏာပိုင်များ သိမ်းယူသွားသည့် လက်နက်စာရင်းများကို ကောက်ယူနေသည်ဟုလည်း ဦးလှမောင်သိန်းက ပြောသည်။

“ကျေးရွာသားတွေမှာ ထင်း ခုတ်၊ ၀ါးခုတ်ဖို့ ဓါး တွေ ကိုတောင် မကျန်ဘူး။ ကျေးရွာသားတွေက မကျေနပ်လို့ ကျွန်တော်တို့ကို လာတိုင်ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ သိမ်းယူသွားတဲ့ လက်နက်စာရင်းတွေကို လိုက်လံ ကောက်ယူနေတာ ဖြစ်တယ် ” ဟု ပြောသည်။

ယခုလို သိမ်းဆီးမှုမျိုး ရသေ့တောင် မြို့နယ်အတွင်းရှိ ကျေးရွာ တချို့၌သာ ပြုလုပ်နေပြီး တချို့ ကျေးရွာများ အသိမ်းမခံရသေးကြာင်း သိရသည်။

Most read this week