တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရတပ်တို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း တအာင်း (ပလောင်) ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး မိုင်းဖုန်းကျော်က ဆိုသည်။
“တိုက်ပွဲ ကတော့ နေ့တိုင်းဘဲ ဖြစ်နေတယ်။ ဒီနေ့လဲ ဖြစ်တယ်။ ဒီမှာ ရှိနေတဲ့ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄ ၊ ၁၁၄၊ ၁၁၅၊ သူတို့ တက်လာတဲ့ တပ်တွေနဲ့ ဖြစ်ကြတယ်။ တိုက်ပွဲ ထဲမှာ ကချင်လည်း ပါတယ်။ နေရာ ကတော့ ကွတ်ခိုင်မြို့နယ်၊ မန်းတုံမြို့နယ်၊ နမ့်ဆန်မြို့နယ်မှာလဲ ဖြစ်တယ်။ ဟိုဘက် ကျောက်မဲမြို့နယ်နဲ့ မိုးမိတ် ဘက်မှာလည်း ဖြစ်တယ်။ နေရာအနှံ အတော် များများ ပါဘဲ။ တစ်နေရာ မဟုတ် တနေရာ နေ့တိုင်း ဖြစ်နေတယ်လေ” ဟု ဆိုသည်။
ယင်းဒေသသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ( KIO) လက်အောက်ခံ တပ်မဟာ (၄) ဧရိယာအပါအဝင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) လှုပ်ရှားတပ်များနှင့်လည်း နယ်မြေချင်းထိစပ်နေသည်။
ယင်းတပ်ဖွဲ့များက ဒေသအတွင်း မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရပြီး ဒေသခံ လူထုအား မူးယစ်ဆေးဝါး ပညာပေးခြင်း၊ ကူးသန်း ရောင်းဝယ်မှု တားမြစ်ခြင်း အပါအဝင် ဘိန်းစိုက်ပျိုးမှုနှင့် ယာဘခေါ် စိတ်ကြွဆေး ထုတ်လုပ်မှုများအား တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ယင်းဒေသတွင် အစိုးရတပ် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ဘိန်းစိုက်ပျိုး နေသလို ယာဘစက်ရုံများ တည်ဆောက်ထားပြီး အစိုးရတပ်ဖွဲ့များက လုံခြံုရေး ယူပေးနေကြောင်း မိုင်ဖုန်းကျော်က စွပ်စွဲ ပြောဆိုသည်။
ထို့အပြင် မိုင်းမ ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကွတ်ခိုင် အရှေ့ဘက်ခြမ်းနှင့် မူဆယ် လာရှိုးလမ်း အရှေ့ဘက်ခြမ်း တလျှောက်မှ သံလွင်မြစ်အထိ ဒေသများတွင် ဘိန်းများ စို်က်ပျိုးနေပြီး အစိုးရတပ်က အကာအကွယ်ပေးသည့်အနေဖြင့် ထိုးစစ်ဆင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“အခု ကျနော်တို့ ဒေသမှာ ဆိုရင် ပန်ဆေးမှာ ဘိန်းတွေလဲ စိုက်တယ် ယာဘ ဆေးတွေလည်း အကြီးအကျယ် ချက်နေတယ်။ အဲဒီ ပန်ဆေးက ဘယ်သူတွေလဲ ပန်ဆေးကျော်မြင့်က လွတ်တော်ထဲမှာ သွားတက်နေတဲ့ လွတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တယ်။ ဒုတိယ ဘိန်းစိုက်တဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ ခပ်များများ ထွက်ရှိနေတဲ့ ယာဘ ဆေးတွေ ဘိန်းတွေ အကုန်လုံးဟာ ပန်ဆေးက ထင်ပါတယ်လို့ ကျနော်တို့ ပြောလို့ရတယ်” ဟု မိုင်းဖုန်းကျော်က ဆိုသည်။
သို့သော် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် ဘိန်းစိုက်ပျိုးမှုများကို အစိုးရနှင့် တိုက်ခိုက်နေသည့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အစိုးရ အစဉ်အဆက်က စွပ်စွဲ ပြောဆိုခဲ့သည်။
ယင်းသို့ အပြန်အလှန် စွပ်စွဲပြောဆိုနေသည့်အပေါ် အဖြစ်မှန်ကို သိရှိနိုင်ရန် ကုလ သမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များ အနေဖြင့် လက်တွေ့ ၀င်ရောက် လေ့လာကြည့်ရှု သင့်သည်ဟု တိုင်းရင်းသားများက ဖိတ်ခေါ်ထားကြောင်း သိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC နှင့် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကောင်စီခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSPP/ SSA တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူညီချက် ရရှိခဲ့သည့် နည်းတူ ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင်လည်းအကောင် အထည် ဖော်ဆောင်ရွက်သင့်သည်ဟု အဆိုပါ တပ်ဖွဲ့ဝင်များက လိုလားကြောင်း သိရသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2301-2012-11-0...