မြေပုံမြို့ တောင်ပေါ်ရှိ ဘင်္ဂလီစခန်း စစ်တပ်က တက်ရောက် ရှင်းလင်း

မြေပုံမြို့ တောင်ပေါ်ရှိ ဘင်္ဂလီစခန်း စစ်တပ်က တက်ရောက် ရှင်းလင်း
by -
နိရဥ္စရာ

ဘင်္ဂလီ မွတ်ဆလင်များက ရခိုင်ပြည်နယ် မြေပုံမြို့တွင် ခံတပ် သဘောမျိုး တည်ဆောက် နေရာယူထားသည့် တောင်ပေါ်သို့ အစိုးရ စစ်တပ်က ယနေ့ တက်ရောက်ရှင်းလင်းပြီး မွွတ်ဆလင် မိသားစုများအားတောင် အောက်ရှိ ဒုက္ခသည် စခန်းများသို့ ပို့ဆောင်သည်ဟု သိရသည်။

“ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လဝကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။

သို့သော် ယင်းကိစ္စ သီးခြားအတည်ပြုချက် မရသေးပါ။

ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ မြေပုံမြို့ တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော် မီးထဲပါသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါ၀င်ကြောင်း  သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ဘင်္ဂလီ မွတ်ဆလင်များက တောင်ပေါ်သို့ တက်ပြေး၍ ရခိုင်များကို ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သည်ဟု “သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတာ လွန်ခဲ့တဲ့ ဇွန်လ အရေးအခင်း ပြီးကတည်းက ဖြစ်ပါတယ်။ ကျင်းတွေ တူးထားတယ်။ ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း တစ်ခုလို အခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပြဿနာ ဖြစ်တော့ အဲဒီ တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေကို ခံချခဲ့တာ ဖြစ်ပါတယ်” ဟု ကိုမောင်မောင်က ဆိုသည်။

အောက်တိုဘာလက မြေပုံမြို့တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းတွင် မွတ်ဆလင်များက တောင်ပေါ်မှ ခုခံပြီး ရခိုင်များက တောင်အောက်မှ ၀ိုင်းထားကာ  အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

နှစ်ဘက်စလုံးမှ ဒုက္ခသည်များအား နိုင်ငံ တကာအဖွဲ့အစည်းများမှ အကူအညီများ လာရောက် လှူဒါန်း နေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိကြောင်းနှင့် လုံလောက်မူ မရှိကြောင်း ကိုမောင်မောင်က ပြောသည်။

“ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာ ရွက်ဖျင်တဲတွေထိုးပြီး နေရာချထား ပေးပါတယ်။ ဒုက္ခသည်က သုံးထောင်ခန့်ရှိပါတယ်။ ဒဏ်ရာ ရတဲ့ သူက ရ၀ ကျော်ရှိပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်” ဟု သူက ဆက်ပြောသည်။

မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင် စစ်တပ် အစောင့် အရှောက်များဖြင့် ထားရှိပြီး မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ ၃,၉၃၉ ယောက် ရှိကြောင်း သိရသည်။

မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်ခဲ့သည့် မွတ်ဆလင်များမှာ ဒေသခံ ရခိုင်များနှင့် သင့်မြတ်စွာ နေထိုင်ကြသော်လည်း နောက်ပိုင်း  ပြင်ပ မှ ၀င်ရောက်လာသူများအနက် သဘောထား တင်းမာသူများ ပါ၀င်လာခဲ့ပြီး ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ကြောင်း ကိုမောင်မောင်က ပြောသည်။
ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

Most read this week