အစိုးရတပ်မှ KIA စခန်းသို့ လက်နက်ကြီး ပစ်ခတ်မှု ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ

အစိုးရတပ်မှ KIA စခန်းသို့ လက်နက်ကြီး ပစ်ခတ်မှု ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့် ဒေသရှိ မြန်မာအစိုးရတပ်က ကချင်ပြည် လွတ်လပ် ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင် တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသတွင်းရှိ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ဆိုင်းဂျာဘွမ် တောင်ပေါ်မှ ကေအိုင်အေ တပ်ရင်း ၆ စစ်သား နှစ်ဦး။ ဓါတ်ပုံ - KNG ကချင်သတင်းဌာန
အစိုးရတပ်များ အခြေစိုက်ရာ  ဖားကန့် ဗျူဟာကုန်းနှင့် မြောက်ဖြူမှော်တို့မှ နို၀င်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအချိန်အတွင်း ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိတစ်ဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“မြောက်ဖြူက ၂ ခု၊ ဗျူဟာကုန်းက လက်နက်ကြီး ၂ ခုနဲ့ ပစ်တယ်။ ၄ ခု နဲ့ပစ်တာ ဟိုဘက်ပစ်လိုက် ဒီဘက်ပစ်လိုက်လုပ်နေတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မြောက်ဖြူတွင်ရှိသော မြန်မာအစိုးရခြေလျင်တပ်ရင်းက ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) တောင် များသို့ပစ်ခတ်ပြီး ဖားကန့်ဗျူဟာကုန်းတွင်ရှိသော အမြောက်တပ်က မှော်မော်ဘွမ် (Mawmau Bum) ကုန်းသို့ပစ်ခတ်ရာတွင် ယင်းကျေးရွာ အနီးရှိ အင်ဘားလခ (Nba La Hka) ကျေးရွာသို့ ကျရောက်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် အင်ဘားလခ ကျေးရွာသို့ အမြောက်ဆံ ၂ ခု ကျရောက်ပေါက်ကွဲခဲ့ပြီး ကချင်အမျိုးသား ညီအစ်ကို ၂ ဦးနှင့် ရှမ်းအမျိုးသား ၁ ဦး တို့ ထိခိုက်ဒဏ်ရာရရှိကာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ကုသမှုခံ ယူနေကြောင်း သိရသည်။

အဆိုပါမြန်မာအစိုးရအမြောက်တပ်သည် လွန်ခဲ့သည့်  သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်ဒေသအတွင်းရှိ ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နောက် ဖားကန့် ဒေသသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် မြန်မာအစိုးရနှင့် KIO ကိုယ်စားလှယ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်ပြည် ရွှေလီမြို့တွင် တွေ့ဆုံခဲ့သော်လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် တစုံတရာ သဘောတူညီမှု မရခဲ့ပေ။

Most read this week