နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း

နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ အရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် ယနေ့နံနက်က အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး “နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အေးမြရွှေပြည် ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ရာ ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး အများသဘောတူ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုသိရ သည်။ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသင်းဥက္ကဌ ဦးသန်းညွှန့်က နိရဥ္စရာသို့ အခုလို ပြောဆိုသည်။

“အဓိက ရည်ရွယ်ချက်ကတော့ နေပြည်တော်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ရခိုင်အမျိုးသား တွေရဲ့ သာရေး နာရေး လူမူရေးကိစ္စတွေကို လုပ်နိုင်အောင်- ၀ိုင်းဝန်း ပံ့ပိုးကူညီနိုင်အောင်၊ ဒုတိယတချက် ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ရေးရာ ကိစ္စတွေကို  ငြိမ်းချမ်းတဲ့  အမျိုးရေး အသွင်နဲ့ ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်ရေးနဲ့ တတိယ အချက်ကတော့ ရခိုင်ရိုးရာ ယဉ်ကျေးမူ စာပေ အနုပညာတွေကို ကျွန်တော်တို့ ထိန်းသိမ်းရေး- ဖေါ်ထုတ်ရေး အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အစည်းအဝေးမှ အသင်း ဥက္ကဌ အဖြစ် ဦးသန်းညွှန့် (မင်းပြား) ကို ရွှေးကောက် တင်မြှောက်ခဲ့ပြီး ဒုဥက္ကဌ အဖြစ် စိုင်းကျော်မြင့် (မြောက်ဦး) အတွင်းရေးမှူး အဖြစ် ကိုထွန်းမောင် (ကျောက်တော်) နှင့် အမူဆောင် ကော်မီတီ အများအပြားကို ရွှေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။

“ကျွန်တော်တို့ အဖွဲ့အနေနဲ့က ဘယ်အတိုင်းအတာထိ အထောက်အကူ ပြုနိုင်မလဲ ဆိုရင် အခုလက်ရှိ နေပြည်တော်မှာ အတိုင်းအတာနဲ့ ရခိုင်တိုင်းရင်းသားတွေက ပုံစံပေါင်းစုံနဲ့ ရှိနေပါတယ်။ နေပြည်တော်မှာ တချို့က  အစိုးရ ၀န်ထမ်း၊ ကုမ္ပဏီ ၀န်ထမ်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ပါ၀င်သလို မြို့နယ် ပေါင်းစုံက နေထိုင်တဲ့ လူတွေ ပါ၀င်နေတဲ့ အတွက် အင်အားတွေကို ရနိုင်သလောက် စုစည်းပြီး  ရောက်တဲ့ နေရာက တတ်နိုင်သလောက် ပိုမိုကျယ်ပြန့်အောင် တတ်နိုင်တဲ့ စွမ်းအား ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု အသင်း ဥက္ကဌ ဦးသန်းညွှန့် က ပြောသည်။

ယခုဖွဲ့စည်းလိုက်သော အသင်းတွင်  ဆပ်ကော်မီတီ အဖွဲ့ငယ်များကို ဖွဲ့စည်းထားပြီး ရိုးရာ ယဉ်ကျေးမူ စာပေများကိုလည်း ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ ရိုးရာ ယဉ်ကျေးမူ အကအဖွဲ့များကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်နေ့၊ သင်္ကြန်၊ ပြည်ထောင်စုနေ့ စသည့် နေထူး နေ့ရက်များတွင်  ရခိုင်ရိုးရာများကို ကပြ ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Most read this week