ရခိုင် ငြိမ်းချမ်းရေး အတွက် စစ်တွေ မှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင်

ရခိုင် ငြိမ်းချမ်းရေး အတွက် စစ်တွေ မှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားနေသည့် ပဋိပက္ခ ပြေငြိမ်းရေး ဆွေးနွေးနိုင်ရန် စစ်တွေမြို့မှ ဆရာတော်ကြီး ၅ပါးကို အောက်တိုဘာလ ၂ ရက်နေ့က  သာသနာရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့သို့ ပင့်ဆောင် သွားကြောင်း သတင်း ရရှိသည်။

ရခိုင် ငြိမ်းချမ်းရေး အတွက် စစ်တွေ မှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင်

ပင့်ဆောင်ခံရသော ဆရာတော် (၅) ပါးမှာ ပုသိမ်ကျောင်းတိုက် ဆရာတော်၊ ဒက္ခိဏ ရာမ ကျောင်းတိုက် ဆရာတော်၊ မဏိရတနာကျောင်းတိုက်ဆရာတော်၊ နန္ဒာရာမ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခ ကျောင်းတိုက်ဆရာတော် တို့ဖြစ်ကြသည်။

“ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ရှေ့ဆက်လို့ ပဋိပက္ခတွေ မဖြစ်ရအောင် ထိန်းသိမ်းပေးဖို့ ဆရာတော်ကြီး တွေကို လျှောက်ထားလိုတာကြောင့် ပင့်သွားတယ်လို့ သိရပါတယ်” ဟု စစ်တွေမှ ဆရာတော် ဦးဉာဏက ပြောသည်။

ဆရာတော်ကြီးများသည် အောက်တိုဘာလ ၂ ရက်နေ့က စစ်တွေမှ တဆင့့် လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားခဲ့ပြီး  ညနေပိုင်းတွင် နိုင်ငံတော် သံဃာ့မဟာနာယက (မဟန)  ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

“ညနေပိုင်းမှာ စစ်တွေက ဆရာတော်ကြီးတွေနဲ့ ကမ္ဘာအေး မဟန ဆရာတော်ကြီးတွေနဲ့ တွေ့ကြတယ်လို့ သိရပါတယ်။ အခု ရခိုင် ပဋိပက္ခမှာ ရဟန်းတော်တွေလည်း ပါ၀င်နေတယ်လို့ သိရတဲ့ အတွက် ရဟန်းတော်တွေ အနေနဲ့ မပါ၀င်ဖို့ အတွက် လမ်းညွှန်ပေးဖို့နဲ့ ထိန်းသိမ်းပေးဖို့ အတွက် ရခိုင်က ဆရာတော်ကြီးတွေကို လျှောက်ထားတယ်လို့ သိရပါတယ် တကာကြီး” ဟု ဆရာတော် ဦးဉာဏ က ပြောသည်။

ရခိုင်ပြည်နယ်မှ ဆရာတော်ကြီးများအား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်သို့ ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပဋိပက္ခ ပြေလည်ရေး အတွက် အစိုးရဘက်ဆိုင်ရာ အရာရှိကြီး များနှင့် ဆွေးနွေးသွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။

Most read this week