ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ

ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အမျိုးသားဌာန၏ သမ္မာကျမ်း စာသင်ကြားခြင်း အစီစဉ်တစ်ခုတွင် ကချင်ဒုက္ခသည်များအတွက် အမည်မသိ ဇနီးမောင်နှံမှ မင်္ဂလာ ရွှေလက်စွပ် တစ်ကွင်း လှူဒါန်းခဲ့သည်။

မြစ်ကြီးနား အင်ဂျန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ ဒုက္ခသည် တချို့။ ဓါတ်ပုံ - KNG ကချင်သတင်းဌာန
အမျိုးသားကော်မတီအဖွဲ့များ ဆယ်ဖို့တစ်ဖို့ (ခရစ်ယာန်ကျမ်းစာ၌ပါသော မိမိဥစ္စာပစ္စည်းထဲမှ ၁၀ ပုံ ၁ ပုံ အား ပေးလှူခြင်း) ပေးကမ်းလှူဒါန်းခြင်းနှင့်ပတ်သက်သည့် ဟောပြောသင်ကြားပေးခြင်း အစီအစဉ်အား ၁ နှစ် ၁ ကြိမ်ပြုလုပ်ခဲ့ရာ ဘုရားကျောင်းရှိ ကချင်စစ်ပြေးဒုက္ခသည်များ အကူအညီပေးရေး အလှူခံပုံးအတွင်း ရွှေဖြင့် ပြုလုပ်ထားသည့် လက်ထပ် လက်စွပ်တစ်ကွင်း စာအိတ်ဖြင့် ထည့်၍ လှူဒါန်းထားခြင်း ဖြစ်သည်။

အဆိုပါစာအိတ်ပေါ်တွင် “ကျနော်တို့မိသားစုက အရမ်းဆင်းရဲတယ် ဘာမှမရှိပါဘူး။ ဒါပေမယ့်တို့နှစ် ယောက်ရဲ့ လက်ထပ်လက်စွပ်ကို အလှူငွေထည့်လိုက်ပါတယ် လက်ခံပေးပါအဖဘုရား။” ဟု ကချင် ဘာသာဖြင့် ရေးသားထားသည်ဟု ဆိုသည်။

ယင်း အစီအစဉ်အား ၀ုိင်းမော်မြို့နယ် ဖုန်မိုင်ယန် (Hpung Mai Yang) တိုက်နယ် အူရားယန် (U Ra Yang) ကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များ ပြုလုပ်ခဲ့ကြောင်းနှင့် စစ်ပြေးဒုက္ခသည်များ အကြောင်း ဟောပြောခဲ့သည်ဟု ဟောပြောရေး တာဝန်ကျ သိက္ခာတော်ရ ဆရာ ခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) က KNG ကချင်သတင်းဌာနသို့ အခုလိုပြောသည်။

“ဝတ်ပြုအစည်းဝေးမှာ ကချင်စစ်ပြေးဒုက္ခသည်များ ဘယ်လို ခက်ခဲနေတဲ့အကြောင်းတွေပြောပြတယ်။ ဒီနေ့ ကျွန်တော်တို့ ကချင်အမျိုးသားအချင်းချင်း ဘယ်လို ကူညီရမယ့်အကြောင်း၊ ကျနော်တို့မှာ ဘယ်လောက် တာဝန်ရှိတယ်။ နိုင်ငံခြားမှာရှိနေတဲ့ ကချင်အမျိူးသားများလည်း ကချင်ဒုက္ခသည်များအတွက် ဘယ်လို ကူညီနေတယ်။ ဒီနေ့ ကျွန်တော်တို့အားလုံးပါဝင်ရမယ့်အကြောင်း KBC ကနေ ဘယ်လိုဘယ်တာဝန်ယူ ကူညီနေတဲ့အကြောင်းတွေပြောပြတယ်။”

သင်ကြားရေး အစီအစဉ်အား ဒေသအလိုက် ဆရာများအဖွဲ့ခွဲပြီး သင်ကြားပေးခဲ့ရာ အူရားယန် (U Ra Yang) ကျေးရွာတွင် ဝိုင်းမော်မြို့နယ် နမ်ဝါ (Namwa) ကျေးရွာမှ စစ်ပြေးဒုက္ခသည်ကော်မတီ သိက္ခာတော်ရ ဆရာခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) နှင့် ဆရာကွမ်ထွယ် (Kum Htoi) တို့ အလှည့်ကျ ဟောပြောခဲ့ကြသည်။

ဥရားယန် (U Ra Yang) ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး ဟောပြောသင်ကြားသည့်နေ့က ဒေသခံ ၆၀ ကျော် တက်ရောက်ခဲ့သည်။ ၎င်းတို့မှ စစ်ပြေးဒုက္ခများအတွက် အလှူငွေ ထည့်ဝင်ခဲ့ရာ လက်ထပ်လက်စွပ်နှင့် မြန်မာ ငွေ ၄,၄၈၀ ကျပ် ရရှိပြီး သက်ဆိုင်ရာ စစ်ပြေးဒုက္ခသည် ကော်မတီထံ အပ်နှံလိုက်ကြောင်း သိရသည်။

KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်မှ ဟောပြောသင်ကြားခြင်း အစီစဉ် အပါအဝင် ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ ရှမ်းပြည်၊ မြစ်ကြီးနားနှင့် ဖားကန့်ဒေသများရှိ ကချင်စစ်ပြေးဒုက္ခသည်များကို ကူညီပေးနေကြောင်း သိရသည်။

Most read this week