ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ

ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်ခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲတွင် သမ္မတ ရုံး ထုတ်ပြန်ချက်ကို ဖတ်ပြပြီး ရခိုင်ပြည်နယ်် တည်ငြိမ်ရေး အတွက် အစိုးရနှင့် လက်တွဲ လုပ်ဆောင်ရန် ပြောကြားခဲ့သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဥ္စရာသို့ ပြောသည်။

“ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ကော်မရှင် အဖွဲ့ဝင် ၄ ဦးက သမတရုံးက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ဖတ် ပြတယ်။ အခုဖြစ်ပွားနေတဲ့ အရေးအခင်းမှာ ရခိုင် ပါတီတွေအနေနဲ့ ၀င်မပါဖို့၊ ဒီအရေးအခင်းမှာ ကော်မရှင်မှာ လဲ တာဝန်ရှိတယ်၊ ရခိုင်ပါတီတွေမှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ရခိုင်ပါတီတွေအနေနဲ့ နိိုင်ငံတော် အစိုးရ နဲ့ ပူးပေါင်းပြီး ပြဿနာ အေးငြိမ်းသွားအောင် လုပ်ဆောင်သွားဖို့ ပြောဆိုသွားပါတယ်။”

ခေါ်ယူပြောကြားရာတွင် ကိုယ်တိုင် ပါ၀င်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအတွင်းရေးမှူး ဦးမျိုးကျော် က ယခု ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ ပါ၀င်ပတ်သက်သော ပါတီ၊ လူပုဂ္ဂိုလ်များကို အရေးယူသွားမည်ဟုလည်း ပြောဆို ကြောင်း နိရဥ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP ပါတီက တာဝန်ရှိသူတွေကို ကော်မရှင်က ခေါ်ပြီး ပြောတာက တော့ အခု နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းနဲ့ပတ်သက်ပြီးတော့ ပါတီတွေ အနေနဲ့ မပါ၀င်ဖို့၊ တကယ် လို့ ပါ၀င်ပတ်သက်လို့ ရှိရင် ကော်မရှင်ရဲ့ စည်းမျဉ်းအရ အရေးယူသွားမယ် ဆိုတာကို ပြောပါတယ်။”

ယခုကဲ့သို့ ခေါ်ယူရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒု ဥက္ကဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးမျိုးကျော်၊ ဗဟို အလုပ်အမှုဆောင် ဦးမျိုးဆွေနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဥက္ကဌ ဒေါက်တာ အေး မောင်၊ ဦးဘရှိန်နှင့် ဦးဖေသန်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကို ဖြေရှင်းရာတွင် အချိန်တိုအတွင်း ဖြေရှင်း၍ ရနိုင်မည်မဟုတ် ကြောင်း ဦးဖေသန်းက သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ဒီပြဿနာဟာ သမိုင်းနဲ့ ချီပြီး ဖြစ်ပေါ်လာတဲ့  ပြဿနာဖြစ်တဲ့ အတွက် အချိန်တို အတွင်း ဖြေရှင်း လို့ ရနိုင်မှာ မဟုတ်ဘူး။”

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ (၂၁)ရက်နေ့ မင်းပြားမြို့ ကင်းဆိပ်ကျေးရွာမှာ စတင်ဖြစ်ပွားခဲ့သော ပြဿ နာကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲ မြို့နယ်များသို့ ကူးစက်သွားရာ အောက်တိုဘာလ(၂၁)ရက်နေ့ မှ(၃၀)ရက် နေ့အထိ စာရင်းများအရ သေဆုံးသူ(၈၉)ဦး၊ ဒဏ် ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁)လုံးနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အလားတူပင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် အိမ်ခြေ ပေါင်း(၅၃၃၈) အိမ်၊ အဆောက်အဦး (၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း (၁၂၂၄၂) စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း သိရသည်။

ဇွန်လအတွင်း ပထမအကြိမ် ဖြစ်ပွားခဲ့သော ပြဿနာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ALD ပါတီကို နိုင်ငံတော်သမ္မတ ကြီးက သြဂတ်စ်လ ၈ ရက်နေ့က  ခေါ်ယူတွေ့ဆုံခဲ့သည်။

Most read this week