နိုင်ငံမဲ့ မြန်မာကလေးငယ် ၂သောင်းကျော်အတွက် CPPCR မွေးစာရင်းပြုလုပ်ပြီးစီး

နိုင်ငံမဲ့ မြန်မာကလေးငယ် ၂သောင်းကျော်အတွက် CPPCR မွေးစာရင်းပြုလုပ်ပြီးစီး
by -
ကချင်သတင်းဌာန

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသော ကလေးများနှင့် ဌာနေမဲ့ကလေးများ၏ မွေးရာပါ အခွင့်အရေးများ ရရှိရန် မွေးစာရင်း နှစ်သောင်း ကျော်ကို ပြုလုပ်ပြီးစီး သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကလေးအခွင့်အရေး ကာကွယ် စောင့်ရှောက် မှုကော်မတီ(မြန်မာနိုင်ငံ)-CPPCR က ယနေ့ ပြုလုပ်သည့် ၎င်းတို့၏ ၁၀ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားလိုက်သည်။

CPPCR စာရင်းပြုစုရေးဌာနမှ မအေးသန္တာအောင်က “၁၀ နှစ်တာသက်တမ်းတစ်လျှောက် လက်ရှိအချိန်အထိ ကျမတို့အနေနဲ့ မြန်မာနိုင်ငံသားကလေးပေါင်း နှစ်သောင်းတစ်ထောင်ခုနှစ်ရာကို တရားဝင် မွေးစာရင်းထုတ် ပေးပြီးပါပြီ။ သူတို့တွေအနေနဲ့ကလည်း ထိုင်းကျောင်းမှာပဲဖြစ်စေ၊ ရွှေ့ပြောင်းကျောင်းတွေမှာပဲဖြစ်စေ ကျောင်းတက်ခွင့်ရကြတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် မယ်တော်ဆေးခန်းတွင်လည်းကောင်း၊ မဲဆောက်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ တွင်လည်းကောင်း မွေးဖွားလာသော ကလေးများသာမက မည်သည့်နေရာတွင်မဆို မွေးဖွား လာသည့် ကလေးများကို CPPCR မှ မွေးစာရင်းပြုလုပ်ပေးခြင်းဖြစ်သည်။

ယနေ့ နံနက် ၉နာရီအချိန်မှစ၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့ Quee Place Hotel တွင် ကျင်းပခဲ့သည့် CPPCR ၏ ၁၀နှစ်ပြည့် အခမ်းအနားတွင် CPPCR ဥက္ကဌ ဒေါက်တာစင်သီယာမောင်ကလည်း ယခုလို အမှာစကား ပြောကြားခဲ့သည်။

“ကျမတို့ဒီ CPPCRကို စပြီးတည်ထောင်ကတည်းကနေ ခုချိန်ထိ ကလေးအခွင့်အရေးဆိုင်ရာ ပညာပေးမှုတွေ၊ ဒီကလေးတွေရဲ့ မှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းဆောင်ရွက်မှုပိုင်းဆိုင်ရာရယ်၊ နိုင်ငံသား မပပျောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မဲဆောက် ဒေသ၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ မြန်မာပြည်သားမိဘတွေပါ သိစေချင်တယ်”ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

ထို့အပြင် CPPCR မှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကလေးငယ်များကို မွေးစာရင်းပြုလုပ်ပေးပြီး ထိုင်းအစိုးရ၊ မြန်မာ အစိုးရနှင့် ရှေ့နေများထံသို့ ၎င်းမွေးစာရင်းဆိုင်ရာ အချက်အလက်များကို တင်ပြခြင်း အားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင် ရာ ဥပဒေတွင် မြန်မာနိုင်ငံသား ပြန်လည်ဖြစ်မြောက်ရေးအတွက် အထောက်အကူအဖြစ် စုဆောင်းပေးထားနိုင်ကြောင်းလည်း သူမက ပြောသွားခဲ့သည်။

ယနေ့အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လူမှုအခြေပြုအဖွဲ့အစည်း(CBO)များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များအပြင် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများနှင့် ထိုင်းအစိုးရတာဝန်ရှိသူများ စသည့် လူဦးရေစုစုပေါင်း ၁၀၀ကျော် တက် ရောက်ခဲ့သည်။

၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC) မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိန်းက မြန်မာနိုင်ငံ ဥပဒေအ ကြောင်းနှင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးများ၏ အခွင့်အရေးဆိုင်ရာများနှင့် အနာဂတ်ခေါင်း ဆောင်များဖြစ်လာမည့် ကလေးများတွင် မွေးစာရင်းရှိရမည့်အကြောင်း တက်ရောက်လာသည့် ပရိဿတ်များအား ရှင်းလင်းပြောဆိုသွားခဲ့သည်။

သူက “မြန်မာနိုင်ငံမှာ ၁၀စုနှစ်ကျော်က ပြည်တွင်းစစ်တွေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေ လည်း ပြည်ပကို ထွက်ခွာခဲ့ကြရတယ်။ တခြားကလေးတွေလို ပညာသင်ကြားခွင့်မရကြဘူး။ ရရှိရမယ့်အခွင့် အရေးတွေကိုလည်း မရရှိကြဘူး။ နောက်ပြီး သူတို့ဟာ ဘယ်နိုင်ငံက မွေးဖွားခဲ့သလဲဆိုတာ မသိကြရဘူး”ဟု ပြောသည်။

CPPCR သည် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများနှင့် ဌာနေမဲ့မိသားစုများမှ ကလေးငယ်များ၏ နိုင်ငံသားအခွင့် အရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာသင်ယူသည့် အခွင့်အရေးများနှင့် မွေးစာရင်းများပြုလုပ်ပေးခြင်း၊ ကလေးများဖွ့့ံဖြိုးတိုးတက်မှုအတွက် ကာကွယ်စောင့်ရှောက်ရန် စသည့်ရည်မှန်းချက်များဖြင့် ၂၀၀၂ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ စတင် ဖွဲ့စည်းခဲ့သည်။

Most read this week