ဆွေးနွေးပွဲ နီးကပ်ချိန် အစိုးရတပ်က KIO ဌာနချုပ်နယ်မြေအတွင်း လက်နက်ကြီးများပို့

ဆွေးနွေးပွဲ နီးကပ်ချိန် အစိုးရတပ်က KIO ဌာနချုပ်နယ်မြေအတွင်း လက်နက်ကြီးများပို့
by -
ကချင်သတင်းဌာန

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် တရုတ်ပြည် ရွှေလီ ဆွေးနွေးပွဲ မကျင်းပမီ တစ်ရက်အလို မြန်မာအစိုးရတပ်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ အစိုးရတပ်၏ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) စခန်းသို့ လက်နက်ကြီးများ ပို့ဆောင်ခဲ့ကြောင်း KIO က ဆိုသည်။

ယင်းစခန်းသည် မြစ်ကြီးနား ဗန်းမော် သွား ကားလမ်းပေါ်ရှိ ဒေါ့ဖုန်းယန်မြို့ အရှေ့ဘက်တွင် တည်ရှိပြီး ယခင်က KIA အဖွဲ့၏ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း (၂၄) က နေရာယူထားသည့် စခန်းဖြစ်သည်။ သို့သော် ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရ တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းယူထားသည့် စခန်းဖြစ်သည်။

ဗန်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၅၆)တပ်ရင်းမှ စစ်အင်အား ၁၅၀ ကျော်က တာဝေးပစ် ၁၂၀ မမ အမြောက် ၁ လက် အပါအဝင် လေယာဉ်ပစ် စက်သေနတ် (Anti Aircraft Gun) ၃ လက်ကို အောက်တိုဘာလ ၂၉ ရက်နေ့ ညက  ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KIO က ပြောသည်။

“တောလမ်း ကနေ ခြေကျင်နဲ့လာကြတာ။ ကားလမ်းကနေတော့ သွားလို့မရဘူး။ လမ်းတလျှောက် ကျွန်တော်တို့ရှိနေတော့။” ဟုဆိုသည်။

မြန်မာအစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၃၈၇ နှင့် ခြေလျင်တပ်ရင်း ခလရ ၁၄၂ စုပေါင်း အင်အား ၈၀ ကျော် နေရာယူထားသည့်  ယင်းတပ်စခန်းသို့ KIO နှင့် အစိုးရ နှစ်ဖက် ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးဆွေးနွေးမည့် ညပိုင်းက အဆိုပါလက်နက်များ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် ထိုနေ့ည မိုးမလင်းမီ ယင်းစခန်းမှ ပြန်လည် ထွက်ခွာခဲ့ရာ တာဆိုင်း (Ta Seng) ရွာသို့ ရောက်ရှိပြီး အောက်တိုဘာ ၃၁  ရက်  နံနက် ရ နာရီ အချိန်ခန့်တွင် ဗန်းမော်မှ ကား ၆ စီး ဖြင့် လာကြိုခဲ့ ကြောင်း သိရသည်။ 

အစိုးရနှင့် KIO ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးမည့်အချိန်တွင် နှစ်ဖက် တပ်များအား အပစ်အခတ် ရပ်ဆိုင်းထားရန် ညွှန်ကြားထားသော်လည်း ယခုကဲ့သို့ လက်နက်ကြီးများ ပို့ဆောင်နေခြင်းက တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာမည့် လက္ခဏာဆောင်နေကြောင်း KIO တပ်မှူးများက သုံးသပ်နေကြသည်။

အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်များ အောက်တိုဘာ ၃၀ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာမရရှိသေးသလို ယခုလအတွင်း ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

Most read this week