ရခိုင်အဓိကရုဏ်း ချင်းပြည်နယ် စီးပွားရေး ထိခိုက်လာ

ရခိုင်အဓိကရုဏ်း ချင်းပြည်နယ် စီးပွားရေး ထိခိုက်လာ
by -
ခိုနူမ်းထုန်

လက်ရှိ ရခိုင်ပြည်နယ် တွင်ပြန်လည်ဖြစ်ပွားနေသည့် အဓိကရုဏ်းက ကုလားတန် မြစ်ပေါ်ရှိ ကုန်သွယ်ရေး လမ်းကြောင်းအား ထိပါးလာပြီဟု ချင်းလူမျိုး စီးပွားရေးသမား တဦးက ပြောသည်။

rakhine-rohingya

“ရခိုင်ပြည်နယ်ကနေ စီးပွားဖြစ် အဓိကတင်ပို့လာတဲ့ ၀က်ကုန်သည်တွေဟာ ရခိုင်ပြည်နယ်ထဲကို မဝင်ရဲကြတော့ဘူး၊ ကျတော်တို့ ရခိုင်နဲ့ ချင်း စီးပွားရေးသမားတွေအင်မတန်ထိခိုက်တယ်” ဟု ၀က်ကုန်သည် ပက်ထရစ်က ယနေ့ပြောဆိုသည်။

ကုလားတန်မြစ်ပေါ် မီခိုနေသည့်  စီးပွားရေးသမားများသည် အဓိကရုဏ်းဖြစ်ပွားနေသည့် ရခိုင်ပြည်မြောက် ပိုင်း ဒေသမှ ၀က်များကို ချင်းတောင်နှင့် မီဇိုရမ်နယ်စပ်သို့ တင်ပို့ရောင်းချနေရာမှ လက်ရှိ ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တလမှာ အနည်းဆုံး ၀က်ကောင်ရေ ၂၀၀ လောက်ဝင်တာ ၊ အခု လုံခြုံရေးကြောင့် မသွားလာရဲကြတော့ဘူး” ဟု ဆက်ဆိုသည်။ ထို့အပြင် ကုလားတန်မြစ်ကြောင်းမှ တနေ့လျင် စက်လှေ အစီးပေါင်း ၂၀ ခန့် ၀က်ကို အဓိကထားတင်ပို့ ကြသည်ဟု ဆိုသည်။

ရခိုင်အဓိကရုဏ်းသည် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းလမ်းကြောင်းပေါ်သို့ တွန်းတင်နေ ဟန်ရှိပြီးနိုင်ငံ ရေးပြဿနာ အသွင်တခုအဖြစ်သို့ ဖန်တီးနေဟန်ရှိသည်ဟု ယူဆကြောင်း ရခိုင်ပြည်သူလူထု တရပ်လုံး၏ လုံခြုံရေး ကိုခြိမ်း ခြောက်နေသည့် လုပ်ရပ်များအား အမျိုးသားအကျိုးစီးပွား အခြေခံအောက်မှကာကွယ် သွားနိုင်ရေးအတွက် တတ်နိုင်သည့် ဖက်မှ ပြည်သူလူထုတရပ်လုံးနှင့် အတူလက်တွဲတိုက်ပွဲဝင်သွားမည်ဟု Arakan National Council မှ အောက် တိုဘာ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် မတည်ငြိမ်မှုများကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၁) အရ အရေးပေါ်ကာလ ဆိုင်ရာ စစ်တပ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်သည့် ပြဋ္ဌာန်းချက်များ အတိုင်း ရခိုင်ပြည် အုပ်ချုပ်မှုပိုင်းကို တပ်မတော်သို့ ပိုမိုလွှဲ အပ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် အပေါ် “ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စစ်တပ်က စစ်တပ်နေရာမှာပဲ ရှိနေသင့်တယ်၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးပိုင်း ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကပဲ ကိုင်တွယ်ဖြေရှင်းကြဖို့ပါ” ဟု ANC အထွေထွေအတွင်းရေးမှူး ကို ထွန်းဇော် က ခိုနုမ်းထုန်ကို ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် ရခိုင်ဒေသမှ ကျောင်းသူ၊ ကျောင်းသား အချို့အား ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ ပို့ထားကြကြောင်းသိရသည်။

ထို့အပြင် ဘင်္ဂလီလူမျိုးများသည်လည်း အိန္ဒိယ – မြန်မာနယ်စပ် တမူး၊ မိုးရေး ကလေးမြို့ဖက်မှ မြန်မာပြည် တွင်းသို့ ခိုးဝင်နေကြသည်ဟုလည်း သတင်းများက ဆိုသည်။

Most read this week